Friday, September 2, 2011

မော်ဒန်ဆန်ခြင်း နိသျည်း။

မော်ဒန်ဆန်ခြင်း နိသျည်း။

ရုံးမှာ scoping document ရေးရင်း ပျင်းလာလို့ ဒီမှာ ခဏလာရေးပါတယ်။ အပျင်းပြေ။ တစ်နေ့မှာ လူတစ်ယောက်ဟာ ပို့စ်ဘယ်နှစ်ခုတင်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလဲတော့မသိဘူး။ တစ်ခုထက်ပိုရေးရင် ပါရာဇိက ကျသလိုပဲ။

တစ်ခုထက်ပိုရင်လည်း ဘာဖြစ်သွားမလဲ။ ဘာမှမဖြစ်ပါဘူး။ ကမ္ဘာကြီးလည်း အရင်လို လည်တော့တာမဟုတ်ဘူး။
အားတဲ့နေ့တစ်နေ့နေ့ကြရင် တစ်ရက်ထဲ ပို့စ် သုံးဆယ်လောက်တင်ကြည့်ဦးမယ်။ အဲဒါဆိုရင်ရော ဘာဖြစ်မလဲ။ ဘာမှမဖြစ်ဘူး။ အဲဒီဘာမှ မဖြစ်တာတွေကို များများလုပ်ကြည့်သင့်တယ်။ တစ်ခုခုဖြစ်သွားမှာတွေပဲ လုပ်နေကြတာ များပြီ။

ဘောလုံးအကြောင်းပြောမယ်။ အဲဒါဆိုရင်ရော ထူးဆန်းနေမလား။
စာထဲမှာ ဘောလုံးအကြောင်းမရေးပေမယ့် ဘောလုံးဝါသနာပါတယ်။ သစ္စာနီပြောတဲ့ ဘောလုံးဆိုတာ လေးထောင့်မဟုတ်ဘူးလို့သိတဲ့သူတိုင်း ဘောလုံးအကြောင်းရေးလို့ရတယ်။

ပြောချင်တာက အာဆင်နယ်။ ဟိုနေ့က ManU ကို 8 ဂိုး 2 ဂိုးနဲ့ရှုံးတယ်။ ဟိုသင်းရှုံးရှုံးသွားတယ်ပေါ့လေ။ ဒါပေမယ့် မတတ်နိုင်ဘူး။ ကျွန်တော်လည်း အာဆင်နယ် ယပ်တောင်ပဲ။ ဒါပေမယ့် ထူးထူးခြားခြားမခံစားရဘူး။ အော် ဆိုတဲ့ အာမေဍိတ် ကို ရွတ်မိရုံပဲ။

နောက်ဆုံး Transfer window ပိတ်ခါနီးမှ ဘီနာယောင်၊ အာတီတာ၊ မာတီဆက်ကား၊ ဆန်းတို့စ် စတာတွေ ၀ယ်တာကလည်း ကလေးကလားဆန်တယ်။ ၀ိုင်းဆဲမှ လုပ်တဲ့ အလုပ်တွေက ဦးနှောက်မပါဘူး။ ၀ိုင်းဆဲလည်း ဆည်ဆောက်နေနိုင်တာမျိုးကတော့ ညစ်ပတ်တဲ့အထဲမှာပါတယ်။ အဆဲခံနိုင်တဲ့သဘောပဲ။ ဒါမျိုးအဆဲခံနိုင်အောင် မော်ရင်ဟိုဆို တမင်တောင်ကျင့်ထားတယ်လို့ဆိုတယ်။

မြန်မာတွေကတော့ ဖွဲမီးတွေပဲ။ ဘာမှမဆို ခဏတဖြုတ်စိတ်အားထက်သန်တယ်။ မကြာခင် ကံပေါ့ဆိုပြီး မောပြီးနားသွားကြတယ်။ မလျော့သောဇွဲဆိုတာမျိုးက queue စီရင်သာ သုံးရတာမျိုးမဟုတ်ဘူးဆိုတာကို မေ့နေကြတယ်။ ဇာတိပုည ဂုဏ်မာနဆိုပြီး အခွန်ဆောင်ပြီးစရုပ်လေးတွေနဲ့ နိုင်ငံကို ၂ % ဖိုးချစ်ရတာလည်းမလွယ်ဘူး။ နိုင်ငံတစ်ခု တည်ငြိမ်အောင်၊ အဆင်ပြေအောင် လုပ်ဖို့ဆိုတာ ထင်သလောက်တော့မလွယ်ဘူး။ ပထမဆုံး လူမည်း သမ္မတနဲ့ အမေရိကန်တောင်မှ စီးပွားရေးပြဿနာကို မရှင်းနိုင်ဘူး။ (ဘွတ်ရှ်သာဆို နောက်ထပ် ရေနံထွက်တဲ့ တစ်နိုင်ငံလောက်မှာ အိုစမာပုန်းနေတယ်ဆိုပြီး ၀င်ဖမ်းပြလိုက်ရင် ပြေလည်သွားနိုင်တယ်။)

အစိုးရကောင်းတာလုပ်လာတဲ့ဟာတွေကြတော့လည်း ဘယ်သူမှအကောင်းမပြောကြဘူး။ ရပ်ကွက်ထဲက ငမူးအရက်မသောက်တော့ဘူးဆိုတာကြားရသလိုပဲ။ ၀ုတ်ဝုတ်မြီးကောက်ကို ရေသန့်ဘူးစွပ်သလိုနေမှာပါလို့ပဲ သဘောထားတယ်။ သဘောထားတဲ့သူတွေလည်းမမှားပါဘူး။ ပျက်အစဉ် ပြင်ခဏဆိုပေမယ့် ပြင်ခဏဟာ ခဏပြင်နေတာလား စောင့်ကြည့်ရဦးမယ်မဟုတ်လား။

လွန်လေပြီးသော သုံးနှစ်ကျော်က ဖိုးဖိုးကြီးရဲ့မြေးဟာ လှိုင်သာယာမှာ ဂျီတီစီတက်တယ်။ စာမေးပွဲခန်းထဲ နာရီဝက်ကျော်မှ ရောက်လာတယ်။ အဲဒါကို သူဘယ်သူမှန်းမသိတဲ့ ဆရာက စစ်မိတယ်။ ပြီးတော့ အဲဒီဆရာက ကြောက်နေရှာသတဲ့။ ဘယ်ကျောင်းသားမဆို နာရီဝက်ကျော်ရင် ဖြေခွင့်မရှိဘူးဆိုတဲ့စည်းကမ်းကို အခုလို ဒီမိုကရေစီ မရခင်မှာတော့ ဆိုးသွမ်းကျောင်းသားတွေဟာ ဒီလိုပြုမူခဲ့တယ်လို့ပြောစမှတ်တွင်တော့တာပဲ။ အဲဒီဆရာကိုလည်း သနားတယ်။ ကြည့်ရတာ ကျောင်းဆရာအလုပ်ပြုတ်ရင် တခြားမှာ ဘာမှ မလုပ်တတ်တဲ့ ဆရာဖြစ်မယ်။

ဆရာ မလုံလောက်တဲ့ပြဿနာနဲ့ ဆရာတွေဟာ ပညာရေးအရပ်နိမ့်နေတာတွေကလည်း ယိုသူရော၊မြင်သူရော နံလည်းနံ ရှက်လည်းရှက်စရာကိစ္စတွေပါပဲ။

နည်းနည်းပိုပြီး စည်းတွေဘောင်တွေနဲ့ဖြစ်သင့်တယ်။

တန်းကိုတော့မနှိမ့်ပေးနိုင်ဘူး။ လွတ်အောင်မခုန်တဲ့သူကျပါစေဆိုတဲ့ ပါမောက္ခတွေလည်း သေကုန်ကြပြီထင်ပါတယ်။ (ပြောတာကြားဖူးတာကြာပါပြီ။ အဲဒါကြောင့်ထင်ပါတယ်လို့ရေးပါတယ်။ မသေသေးဘူးဆိုရင်လည်း မသေသေးဘူးမှတ်ပါ။)

အခုလို ရွယ်တူတွေက ဒု ပါမောက္ခဖြစ်နေကြချိန်မှာ မြန်မာပြည်ရဲ့ နှစ်နာရီခွဲအကွာအဝေးကနောေ-ာက် foul ထုနေတယ်ဆိုတာမျိုးလည်းမဖြစ်စေချင်ပါဘူး။ ကိုယ့်ဘာသာကိုယ် ဆရာ မလုပ်ချင်လို့ ထွှက်လာခဲ့ပြီးပြီပဲ။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ ပညာရေးကို ပိုကောင်းအောင်လုပ်ကြစေချင်ပါတယ်။ ကျန်တာတွေ ညံ့ချင်ညံ့ပါစေ။ ပညာရေးကောင်းနေရင် တစ်နေ့နေ့ ပြန်ပြီး ဦးမော့လာနိုင်သေးတယ်။ မဟုတ်ရင်တော့ လေထီးမပါဘဲ free fall ဆင်းသလိုမျိုးပေါ့။ ရင်ခုန်ဖို့တော့ကောင်းပါတယ်။ တိုင်းပြည်အနာဂတ်နဲ့ ဘွဲရပညာမတတ်ပြဿနာ။ အကျနာမှာတော့ သိပ်ကိုသေချာတာပေါ့။ ။

xanthos.