Wednesday, October 17, 2012

သေအောင်ဗုတ်ထ်

သေအောင်ဗုတ်ထ်

ပလာတာဒယ်အိုးတွေသိပ်များ
အလွန်အကျွံ၊စိတ်ခံစားလွယ်၊
သေမတတ်အကဲပို၊
ဆပ်စလူးခါတွန့်၊
မဗုတ်ထ်တဲ့သူများ
ငရဲလားတော့မယောင်၊
ဒီမယ်ဟေ့ကောင် ............၊ သိပ်အရူးမထနဲ့။

ရေထဲကိုငုံ့ငုံ့ကြည့်ရင်း၊
ရေထဲကို ငုပ်ငုပ်လျှိုးသွား
အရိပ်များ၊
အသွားလည်းခက်၊
အပြန်လည်းခက်၊
ခက်ရတာကိုက မလွယ်ဘူး။

အသက်ဖွဖွရှူ၊
ပုခုံးစွန်းကို ဖွဖွလေးမီထား၊
သူ့အရိပ်နဲ့ ကိုယ့်အရိပ်ငြိနေတာ၊
ဟိုးငယ်ငယ်လေးကတည်းက၊
သူ နှုတ်ခမ်းနီမဆိုးတတ်ခင်၊
ကျနော် ဆေးလိပ်မသောက်တတ်ခင် ကတည်းက။

နေရောင်ခြည်မှာ
ဗီတာမင်ဒီပါရင်
လရောင်မှာ
အလွမ်းပါတာဘာဆန်းလဲ။

ချစ်လို့နမ်းတဲ့အနမ်းမှာ
ဘာပါဖို့လိုသေးလဲ၊
လဲသေလိုက်ဟေ့ကောင် ...........၊

ညယောင်ဆောင်ထားတဲ့
ညမွှေးပန်းရနံ့ကို
ကြယ်ယောင်ဆောင်ထားတဲ့
ပုလင်းခွံထဲထည့်ပြီး
အသေပိတ်ထားလိုက်ပြီ၊
အသည်းခဏခဏကွဲရင်
အသက်အန္တရာယ်ရှိတယ်၊
အကျင့်ပါသွားနိုင်တယ်။
ဒီထက်ဆိုးတာက
မကြာမကြာ
လပြည့်ညမှာ
ထထအူတတ်လာတာပဲ၊

ဒီလောက်ပါပဲဆရာ၊
ကျွန်တော်ရူးနေတာသူသိပါတယ်၊
သူရူးနေတာကိုသာ
ကျွန်တော်မသိခဲ့တာ။

ဆေးရုံကနေ သူ့ကို
ပြန်လွှတ်ပေးလိုက်ကြပါ။                    ။

Sunday, July 29, 2012

ဖေ့စ်ဘွခ်ဘာသာဗေဒ။



ဖေ့စ်ဘွခ်ဘာသာဗေဒ။

like= သိလိုက်ပါပြီ။
a like သိလိုက်ပါ= အလိုက်သိလိုက်ပါ။
ဝေါပေါ်မှာဆေးရိုးမလှမ်းရ @Bogyoke Aung San
Obama ကိုအားကျကုန်သော နိုင်ငံရေးသမားများ အမှိုက်မရှုပ်ရ။
ကဗျာယောင်ယောင်များ မTag ပါနှင့်။
ဆရာကီးများ သွားနှင့်ကြပါ။
နောက်ကားနှင့်လိုက်ခဲ့ပါပြီ။

ကျွန်တော်ဝမ်းသွားနေတာကို update လုပ်ပါရစေ၊
မကြိုက်ရင် hide၊ ကြိုက်ရင်Like
Emo များသောသူများကို စာနာပါ။
Virtual friends များဖြင့်စည်ကားနေသော
ကျူးကျော်ရပ်ကွက်အတွင်းမှ
စကားစမြည်နှင့်
အတင်းပြောချင်စိတ်မကုန်သေးသော
ကလေးငယ်များအတွက်သီးသန့်ထုတ်လုပ်သော
ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊
တစ်လုံးငါးပြား၊ တစ်လုံးငါးပြား၊

အချိန်မီလှချင်ပချင်လာသော
ရုပ်ဆိုးမများ၊ပုပ်သိုးမများ၏
တစ်ခြမ်းစောင်းပုံများ၊
ဝေးလေလှလေပုံများ၊
အချစ်အကြောင်းပြောပြောနေသော
ဟိုင်းကြီးများ၊

ညီလာခံမှာ
လက်ကလေးလှသူ လက်ကလေးကြည့်လို့၊
ခေါင်းလှုပ်တတ်သူ ခေါင်းလှုပ်လို့၊
ဖေ့စ်ဘွတ်ခ်မှာတော့
ဝိုင်းလိုက်ခ် ဝိုင်းဆဲပါပဲ။

ဒီမိုကရေစီဆိုတာ
မတူညီမှုတွေကို နားလည်ပေးစရာမလိုမှန်း
ရွှေပြည်ကြီး ဒီမိုကရေစီက သိလိုက်ရတာ
ပညာတစ်မျိုးတိုးတာပဲမဟုတ်လား။

ကျွန်တော်တို့ဖော်ဆောင်နေတာ၊
ကျွန်တော်တို့ အဖော်ဆောင်နေတာလို့
အဓိပ္ပာယ်မသက်ရောက်ဘူး။
ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်ကင်းနေတာ
ဖေ့စ်ဘွတ်ခ်နဲ့ကင်းနေတယ်လို့မဆိုလိုဘူး၊
ကျွန်တော်များ ကဗျာရေးခွင့်ဟာ
လူကြီးမင်းများထံမှာ အသနားခံရမယ့် လျှောက်လွှာတစ်ခုလည်းမဟုတ်ဘူး။

ခြေရာတိုင်းဟာ
ဆင်ခြေရာထဲကိုဝင်သလိုဆိုတော့
ဒိုင်နိုဆောကပြုံးတယ်။

(ကဗျာဆို ကဗျာပဲရေးပါ။
အရူးမထပါနဲ့လား။
ချေးမပန်းပါနဲ့လား၊
ဆရာလုပ်မယ့်အစား
ယဉ်ယဉ်လေး
ကိုယ့်ခြေမ ကိုယ်ကိုက်နေလိုက်လည်း သင့်တာပါပဲ။)

အိုဘယ့်
အချင်းဆော့ခရေတ္တိ၊
မြို့ထဲလျှောက်ပြေးနေမယ့်အစား၊
ဖေ့စ်ဘွတ်ခ် မြန်မာအသိုင်းအဝန်းထဲ လာခဲ့ပါလား၊
သင်လည်းပညာတိုးတာပေါ့။
ကျွန်တော်တို့လည်းရယ်စရာတိုးတာပေါ့။          ။

xanthos


Thursday, July 5, 2012

ညကိုအရှည်ကြီးဖြတ်သန်းသွားရဦးမယ် မဟုတ်လား လို့သူပြောသွားတဲ့အခါ ကျွန်တော့်မှာ ဆွံ့အနေခဲ့ရပါတယ်။

ညကိုအရှည်ကြီးဖြတ်သန်းသွားရဦးမယ် မဟုတ်လား လို့သူပြောသွားတဲ့အခါ ကျွန်တော့်မှာ ဆွံ့အနေခဲ့ရပါတယ်။


ကို

ရှည်
ကြီး

ဖြတ်သန်းသွားရဦးမယ် မဟုတ်လား

လို့ သူပြောသွားတဲ့အခါ

မေ-ကျွန်တော့်မှာ

ဆွံ့အ (အသံမထွက်နိုင်၊ အမြီးလည်းမမြှောက်၊E လည်းမပေါက်နိုင်ဘဲ)
နေခဲ့ရပါတယ်။
နေ(သူရိယ၊ sun) ခဲ့(ဖြစ်ခဲ့ပြီးသည့်အချိန်) ရပါတယ်။ (အေးဆေး)

အချစ်ရဲ့ အချစ်ကို
အချစ်လို့ယုံခဲ့တာကို
အမှားလို့
အမှန်လို့
မှားသည်လည်းမဟုတ်၊မှန်သည်လည်းမဟုတ်လို့
လက်မခံတာဟာ
ရူးတာပါပဲ။

အတောင်တိုတိုလေးနဲ့
အမြင့်ကြီးပျံတဲ့ငှက်၊
အတောင်အရှည်ကြီး၊နဲ့
ငုတ်တုတ်မေ့တဲ့ငှက်၊
ဘယ်ငှက်လွမ်းနေသလဲ ငါ့ရှင်

ဆိုတော့မှ
အလန့်တကြား
ပျံလိုက်ရတယ်။

အတောင်မကျွတ်ခင်၊
ပုဆိုးမကျွတ်ခင်၊

ကျွတ်တမ်းဝင်ဖို့
ကြွပ်ဆတ်မာကျောမှုမှာ
ကြွားကြွားကြွံ့ကြွံ့
ငွားငွားစွင့်စွင့်နဲ့
မားမားဝံ့ဝံ့တွေဘာတွေဖြစ်လို့၊

အုန်းမုတ်ခွက်ကေမှာ
စတော်ဘယ်ရီသီးနေခဲ့လို့၊

ဒီလိုပါ
ခေတ်မပျက်ခင်၊
အရင်ရူးချင်ယောင်ဆောင်ထားတာ၊
ပွဲမလန့်ခင် ဖျာခင်းကျင့်နေတာ
ကံဆူးပုံကို ကံခုံဖိနပ်နဲ့နင်းကြည့်တာပါ၊
ဆေးမရောင်းပါဘူး၊
လိုအပ်မှ
ဝယ်ပါ၊

ဘယ်မှမရောက်တဲ့ကဗျာကိုရေးဖို့၊
ကျွန်တော်အားထုတ်ပါတယ်။
အုပ်ထားပါတယ်။
ခင်ဗျားလည်းချောင်းမကြည့်နဲ့
ရှင်ကြီးလည်းအတင့်မရဲနဲ့၊

အချက်မသိတော့
သားမက်ကိုဂျိုးထင်တဲ့
လူတွေ
လူတွေ
လူတွေ၊

သူဘယ်မှာလဲ သတိရနေတယ်၊
တခါတလေတော့လည်း လွမ်းမိပါတယ်
ဆိုတဲ့တခါတလေတွေကို
သူဘယ်မှာရတယ် သတိ လဲလေတခါလွမ်းတလေမိပါတယ်

.............
ဇာတ်ကြောင်းကိုချုပ်ရရင်တော့
အဘတို့ငယ်တုန်းကပေါ့
သိပ်ချစ်ကြတဲ့
သူငယ်ချင်းများစွာနဲ့၊
နည်းပါးတဲ့မုန့်ဖိုးရှိခဲ့ကြတယ်ကွဲ့။

...............
မုန့်ဖိုးတွေဟာ
သူငယ်ချင်းတွေနဲ့ပြောင်းပြန်အချိုးကျခဲ့တာပေါ့။

..........အခုတော့
ရွာလက်စမိုးဟာ
တိတ်မလို အိပ်မလိုလုပ်နေပြန်ပြီ။

သေမှပဲအေးမယ်။
ဒုက္ခ ဒုက္ခ
နေသာသလို
နေပါ။                    ။

ထဖညအ့သ်





Thursday, March 22, 2012

အဆင်မပြေတာတစ်ခုခုတွေးနေလိုက်

တကယ်ဆို ကဗျာအစား အပေါစားဖြေဖျော်ရေး ချယ်နယ်တစ်ခုကိုပဲ ကိုယ်စိတ်လိုလက်ရကြည့်နေဖို့ကောင်းတယ်။ on/off ဟာ ကိုယ့်လက်ထဲမှာ ကန့်လန့်ကာအစား remote control ရောက်လား။ ကမ်ချီအစား သူမ နှုတ်ခမ်းများ ပိုမို အရသာရှိလာ။ ကျွန်တော်သည် ဇီဇာကြောင်စွာ ရွံရှာတတ်သူဖြစ်သော်လဲ.........ဇာတ်ကားကို အပြီးအထိ ဆက်လက်ကြည့်လိုစိတ်မရှိခဲ့ ၊ သမားဂုဏ်သိပ်ပြတာပဲ ဆရာရယ် .........။ အပစ်အခတ် ၉၆ မိနစ်စာ၊ ဘာကိစ္စ ဒီလောက်တောင်ရေးကြီးခွင်ကျယ်ဖြစ်နေရတာလဲ၊ ဇာတ်ကားက ပိတ်ပစ်ဖို့လောက်သာ၊ ဝှေ့ယမ်းလက်တံများ၊ အရှိန်ရလာသလိုလို၊ ဘီးနစ်သွားသလိုလို၊ ကောင်းကင်ကို ပျံတက်မယ်ဆိုတဲ့ မိုးပျံပူဖောင်းလေး ပြန်နိမ့်ဆင်းလာတာကို ငေးကြည့်ရင်း မဟားပေမယ့် တရားနဲ့ဖြေရ။ ရေဘ၀ဲဘ၀ကို စပြီးသတိထားမိလာတယ်။ အပြေးနဲ့စတဲ့ဇာတ်လမ်းဟာ ဘယ်တော့မှမဆုံးတော့ဘူး။ လက်တွဲပြီး မိုင်းထောင်ထားတဲ့လမ်းကို ဖြတ်လျှောက်ရတဲ့အရသာက အခုလေးတင်ပဲဖြစ်သလိုလို ပျက်သလိုလို၊ ဟော အမြင့်ကြီး၊ ဒိုင်ဗင်ဘုတ်အမြင့်ရှိသလောက်တက်လို့ရတယ်၊ ရေရှိသလောက်ပဲခုန်ချဖို့တော့မမေ့နဲ့နော်၊ သုံးလတစ်ခါ ပြန်လာခဲ့ပါ။ ဒါမှမဟုတ် ......အဆင်ပြေမယ်ဆိုရင်ပေါ့ဗျာ ...ဆရာဝန်ရဲ့အကြည့်ထဲမှာ ဘာလို့ သူ့ကိုယ်သူ နောင်တရနေပုံရတာလဲ။ တကယ်ဆိုမြို့ပြတွေဟာ ဒီလိုပဲ လှပဆန်းကျယ်ခဲ့တာပဲ။ မြင့်မြတ်ကြီးကျယ်သော ရင်သားများဟာ အလှချိတ်ထားတဲ့ ကင်ဆာရောဂါ။ ဘယ်သူမှသတိမပြုမိဘဲ .... ကိုယ့်စိတ်ကိုကိုယ် ဖဲ့ဖဲ့ချနေတဲ့ သူတွေ များလွန်းတဲ့ကမ္ဘာ။ အဆင်မပြေရင် ပိတ်လိုက်။ အဆင်ပြေရင် ဘာလုပ်ရမလဲ။ အဲဒီမေးခွန်းဟာ အခုခေတ်မှာမရှိတော့ဘူး။ အဆင်ပြေရင် အဆင်မပြေတာတစ်ခုခုတွေးနေလိုက်။ ။

Tuesday, March 6, 2012

ခုန်ခုန်

ခုန်ခုန်

ခုန်နေတဲ့နာရီလက်တံတစ်ခုကစတာပါ။
ခုန်နေတဲ့တေး၊ ခုန်ခုန်၊ ခုန်နေတဲ့သွေး ခုန်ခုန်
ဖြစ်ရပ်မှန်တွေများလွန်းတော့
ခုန်ခုန်နားလည်လိုက်ရပြီ။

တို့နှစ်ယောက်ဟာ
တစ်ယောက်သေမှ
တစ်ယောက်ထွက်ရမယ့်
ဂလက်ဒီယေးတာတွေလား။
မင်းအပွင့်တွေကို
ကာကွယ်ပေးထားတဲ့
ဖဲချပ်ရဲ့နောက်ကျောဟာ
ကိုယ်လား။

နို့ဆီခွက်ဟောင်းလေးတစ်လုံးသာပိုင်ဆိုင်တဲ့ သူတောင်းစားတစ်ယောက်ရဲ့
မနက်ဖြန်အတွက်အချက်၊အခင်းအကျင်း၊ မဲစွယ်တွေနဲ့ မဲဆွယ်ရင် မည်းကုန်မယ် ခုန်ခုန်၊
မသေချာခြင်းတွေထဲကမှ လက်ရှိ ၀င်ငွေမရှိတာတစ်ခုဟာ အခက်ခဲဆုံးတဲ့လား ခုန်ခုန်။
ဘာသာတရားနဲ့ အကြွေးဝယ်ကဒ်တွေကို ဘဏ်တိုင်းနဲ့ ဘာသာတိုင်းက ဒီလောက်ထုတ်ပေးနေတာ
မင်း ကိုယ့်ကို ယုံခဲ့ဖို့ကောင်းတယ်။

ခုန်ခုန် .........
တုံးလည်းမတုံး ကိုက်လည်းမကိုက်တတ်တော့
တုံးတိုက်တိုက် ကျားကိုက်ကိုက်ဟာ
ကိုယ့်အတွက် အလုပ်မဖြစ်ခဲ့ဘူး။

ယောက္ခမရဲ့ အစွယ်တွေအတွက်
တံစဉ်းတစ်လက်မပိုင်ဆိုင်ခဲ့ဘူး။
အဲဒါကြောင့်သူ
ကိုယ့်ကို ထိုးဟပ်ပစ်လိုက်တာ မင်းအမြင်ပဲ။

တကယ်တော့
တစ်ကိုယ်ရည်အောင်မြင်မှုအတွက်နဲ့
တွားသွားရတဲ့
ပြဇာတ်ထဲမှာ
ကိုယ် အံဝင်ဂွင်ကျမဖြစ်ခဲ့ပါဘူး။

ဆိုင်းသံနဲ့ခုန်ခုန်ကတဲ့ ဘီးလူးလိုလို မျောက်လိုလို
ဈေးကွက်စီးပွားရေးစနစ်မှာ
မသိုလှောင်သင့်ဆုံးဟာ
အမှတ်အသားပြုထားတဲ့ ဖဲချပ်များပဲပေါ့။

ခုန်ခုန်..............
ကိုယ်ခုန်ချလိုက်တယ်။
အဆုံးအထိ ပြုတ်ကျသွားဖို့၊
ကိုယ်စတင်လိုက်ပြီ။
အနက်စား အမိုက်စား မိုက်တွင်းဖြစ်ဖြစ်၊
ဖျော်ဖြေမှုသက်သက်ဖွင့်ထားတဲ့ ဂီတသံဖြစ်ဖြစ်၊
ဘ၀မှာ မကြာခဏလိုအပ်တယ် ထင်မိလို့ပေါ့။

March 7 again .........။               ။

ဌေညအ့သ်