မိဘမေတ္တာ ....။

မိဘမေတ္တာ ....
မြင့်မား၊ နက်ရှိုင်း ကျယ်ပြန့် ...
အနှိုင်းနှင့်အနှိုင်းခံ ၀ိတ်တန်းမတူ၍ ရူပက မမြောက်လိုက် ...
မိဘမေတ္တာ ... ထိုအရာသည် ကျွန်တော်ရယူခဲ့ပြီး လက်ဆင့်မကမ်းတော့သော တုတ်တိုတစ်ချောင်းဖြစ်သည်။

ဆိုရိုးစကားများအရ ထာဝရဘုရားသည် မိဘမဲ့၊ အာဒံနှင့် ဧ၀သည်မိဘမဲ့ ... ထို့နောက် .... မိဘရှိသူအများစုဖြစ်လာ၊ (သိပ်မသေချာလှ ...)
ဒါဝင်၏ ပရိုင်းမိတ်သည် မိဘမဲ့ ။.... ဖြစ်တန်စွမ်း သီအိုရီအရ လူသည်မိဘမဲ့ ...။
မိဘမေတ္တာ ... အဆင့်ဆင့်ဖြစ်ထွန်းမှု သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးတိုးတက်မှုဖြစ်နိုင်ဟု သုံးသပ် ...။

ငါးမရရေချိုးပြန်။ ရေချိုးမရ ခြေဆေးပြန်၊ ခြေဆေးမရ ကန်ထဲ ခဲပစ်ချပြီးပြန် ....။
သံသရာလည်ပုံ ...ပြတ်ပုံနှင့် ဆက်ပုံ ... နှစ်အကွက်နှင့် သုံးအကွက်ကြား အသက်အောင့်ထားရ ... မော၏။
မိဘမေတ္တာ ... ထိုအရာသည် မတော်တဆကြုံတွေ့လိုက်ရသော ... ဓာတုဗေဒ အဖွဲ့အစည်းတစ်ခုက အခြား ဓာတုဗေဒ အဖွဲ့အစည်းအပေါ် တစ်ခုခုဆိုင်သည် ဟု ထင်မှတ်၍ ဖြစ်ပေါ်လာသော စိတ်အခြေအနေ ...။

လေထုထဲမှာအောက်ဆီဂျင်မလုံလောက်။
နှလုံးသားများသာပေါက်ကွဲနေသည်။ လုံလောက်အောင် အပူရှိန်မြင့်မားပြီးနောက် နွေရာသီသည် အသည်းကွဲစရာမလိုတော့ .....။ မိဘမေတ္တာ ... ထိုအရာသည် ဆာယာအေးရိပ်တစ်ခုဖြစ်နိုင်သည်။ အရက်မူးမူးပြန်လာသည့် ဘ၀မှာခြေမပေါ်ခဲ့သော ကစားသမားတစ်ယောက် သူ့သား၊သမီးကို ပြုံးပြပြီး အိပ်ပျော်သွားတာဖြစ်နိုင်သည်။ ကြီးလာရင်ဆိုက်ကားနင်းစားမှာမို့လို့ စာမကျက်တာလား ကဲဟယ် ..ကဲဟယ်ဆိုသော စာကြောင်းတစ်ကြောင်းဖြစ်နိုင်သည်။ သားရယ် အမေတို့အတွက် ငွေမလိုပါဘူး .... သားဘယ်တော့ပြန်လာမှာလဲ ဆိုသော အသံရှည်ဆွဲရွတ်ဆိုမှုတစ်ခုဖြစ်နိုင်သည်။ မင်း ငါ့အိမ်ရိပ် ဘယ်တော့မှမနင်းနဲ့ ဆိုတဲ့ နာမည်ကြီး စာသားတစ်ခုဖြစ်နိုင်သည်။ .... မိဘမျက်ရည်ကျရင် မင်းတို့လည်း ကြီးပွားမယ်မထင်နဲ့ ဆိုတဲ့ အကယ်ဒမီ ဒိုင်ယာလော့ခ်တစ်ခုလည်းဖြစ်နိုင်သည် .....။

မိဘဖြစ်မှသိမယ်ဆိုသော ထိုအရာကို မိဘမေတ္တာဟု ဆိုစရာရှိသည်။
မိဘမဖြစ်သောကြောင့် မိဘမေတ္တာကို မသိပါဟု ပြန်လည် ဆိုစရာသာရှိသည်။

မွေးစမှ ငါးနှစ်အထိ ဘယ်နှကြိမ် ပွေ့ဖက်ခဲ့ကြမှန်း မမှတ်မိတော့ ...။
မိဘများ၏ အလုပ်သာဖြစ်သည်။ လူတစ်ယောက်သည် သားသမီး အဖြစ်နှင့် အများဆုံးအနှစ်၈၀ နေနိုင်သည်ဟုသိရသည်။ ကောလဟာလဖြစ်နိုင်သည်။ ထိုအရာသည် ဇေယျာလင်း မုတ်ဆိတ်ကဗျာမှ ကျွတ်သွားသော မုတ်ဆိတ်တစ်ချောင်းဖြစ်နိုင်သည်။ ကျေးဇူးကျေသွားသော သားသမီးမရှိဟုသော အယူကို ကျွန်ုပ်ယူသည်။ အကြွေးများ ငယ်ကတည်းက တင်ထားသော ကြွေးထူထူ လူတစ်ယောက် အတိုးပြန်ဖဲ့ဆပ်လိုက်ရုံမျှသာ ...။ မိဘများကို သားသမီးများက ပြန်လည်ပွေ့ဖက်လေ့မရှိ ...။ အညစ်အကြေးသုတ်သင်ပေးရန်လည်း ရွံရှာသေးသည်။ မိဘများ အိုမင်းလာမှုသည် ... သားသမီးများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လေ့ရှိသည်ဟု ကြားသိရသည်။ သားသမီးများသည် မိဘများအတွက် တွက်ခြေမကိုက်ဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်သည်။ ရင့်ကျက်ချိန် ကြာလွန်းသော ရှယ်ယာဖြစ်သည်။ အကျိုးအမြတ်ရရန်ထက် ဆုံးရှုံးရန်များသော ခပ်ညံ့ညံ့ စစ်တုရင် ရွေ့ကွက်ဖြစ်သည်။ ... မိဘများပြောသော ပုံပြင်များ ပျင်းစရာကောင်းခဲ့တာကြာပါပြီ ....။ ကြေးစွပ်တာမဟုတ်ဘူး ..အဲဒါဟာ ဘ၀ပဲလို့ပြောပြီး ထွက်ခွာသွားတဲ့ သားသမီးတွေရဲ့ နောက်ကျောကို မှုန်သီရီဝေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရတာ ...ဘယ်လိုအရသာရှိမလဲ ...။ ခင်ဗျားကြီးနားမလည်ပါဘူးဗျာ ...ဆိုတဲ့ ယဉ်ယဉ်ကျေးကျေး စကားတွေအတွက် နားနည်းနည်းလေးထားလိုက်ရမလား ....။ ဆင်ခြင်တုံတရားတွေပြိုလဲနေတယ် ...။ ကိုယ်မှာမနာပေမယ့် စိတ်မှာနာတဲ့ လစ်လျူရှုမှုမျိုးတွေ ... ကိုယ်မွေးထားတဲ့သူတွေလို့ ကိုယ့်ဘာသာကိုယ် သံသယ၀င်လာတယ် ....။ အရင်ဘ၀တုန်းကများ ငါက သူတို့သားတွေလား လို့ အူကြောင်ကြောင်တွေးမိသေးတယ် ...။ သံသရာမှာ ...အဖေဖြစ်တမ်းကစားနေတယ်ဆိုပါတော့ .....အဲဒီကစားပွဲမှာ ဗုဓ်ဒေးလို့ ငါအော်ပြီးထွက်တယ် ....။

မိဘမေတ္တာ အသံထွက်ကို မိဘ မစ်တာ လို့ထွက်ရမယ်။ မိဘ မျစ်တာ မဟုတ်ဘူး။
ဒါဆိုရင် အသံထွက်မှန်သွားမယ် ...။ မိဘတစ်ယောက်ရှိတာဟာ ငရဲသွားဖို့ လက်မှတ်ဖြတ်ထားသလိုပဲ ...လို့ လူတစ်ယောက်ကပြောတယ် ...။ မိဘမေတ္တာ စစ်စစ်ကို မိဘစစ်စစ်မှာ တွေ့နိုင်တယ် ...။ မိဘစစ်စစ်ကို ဘယ်နားမှာတွေ့နိုင်သလဲဆိုတာတော့ရေးမထားကြပြန်ဘူး။ မိဘတွေဟာ ကောင်းမယ်ထင်တာတွေ ကောင်းတယ်လို့ အယူသည်းတတ်သူများဖြစ်သည်ဟု သားသမီးတစ်ချို့ ထုတ်ဖော်ဝန်ခံ ...။ ... မိဘမေတ္တာများ ရေရောထားတာ ကြာပြီဟု အရင် က မိဘမေတ္တာ စစ်စစ် အစဉ်တစိုက် သုံးစွဲလာသော စားသုံးသူများမှ ပြန်လှန်ဝေဖန်တင်ပြ။ မိဘမေတ္တာသည် ရူပဗေဒ မတ္တာ တစ်ခုမျှသာဖြစ်ကြောင်း နိုဗယ်ဆု အကြို စာတမ်းတင်သွင်း။

... လက်နှစ်ဖက်တီးမှ လက်ခုပ်သံမြည်တာမဟုတ်ဘူး။ တစ်ဖက်ကို တစ်ဖက်က ပါးရိုက်သလို လှမ်းရိုက်လိုက်ရင်လည်း လက်ခုပ်သံမြည်တယ်။ မိဘကို စော်ကားတဲ့ကောင်တွေ ငရဲသွားမယ်ဆိုတဲ့သူတွေလည်း သားသမီးကို စော်ကားတဲ့ငနဲတွေလည်း ငရဲသွားမယ်လို့ ကြပ်ကြပ်မှတ်ပါ ....။ ငရဲသွားတာမသွားတာဟာ ... မိဘ သားသမီးတွေကြောင့်မဟုတ်ဘူး။ စိတ်ထဲမှာဖြစ်တဲ့ အကုသိုလ် စိတ်ကြောင့်ပဲ...။ မသိဘဲရမ်းရမ်းမပြောရဘူး ....။ ဒါနဲ့ပဲ အဲဒီသားသမီးဟာ လူမိုက်ကြီးလုံးလုံးအဖြစ် စာရင်းပေါက်လာတယ် ။

မိဘမေတ္တာ ... ခိုင်လုံသော သက်သေသာဓက မရှိဘဲ လူတိုင်းက မိဘဖြစ်လာတဲ့အခါ အလိုလို ပါလာမယ်ထင်တတ်ကြတယ် ....။

မိဘမေတ္တာ ... တစ်ခါတစ်လေ သိပ်ခိုင်ခန့်လွန်းတဲ့ကြိုးတွေပေါ့ ...။

မိဘမေတ္တာ ... သက်တရာတမ်းမှာ အဖြေရအောင် မတွက်ချက်ဖြစ်ခဲ့တဲ့ ပူစ္ဆာတစ်ပုဒ် ....ပါပဲလေ ...။

မိဘမေတ္တာ ... သူလို ကိုယ်လို အသံထွက်လွဲခဲ့ ပြန်တယ် .....။ ။

Xanthos

p.s Dedicated to you.



| at 5:36 PM | 0 comments

အကုသိုလ်ဟာပေါ့ပါတယ်

ရွာငယ် ဇနပုဒ် မီးကလေး မှိတ်တုတ် ကျွဲနွားသိုးစိတ်မြည်သံ .....

မြစ်ရေလျှံနေတဲ့သောက ..
တဖွဲဖွဲ ပြိုကျ ကွဲအက်သွားတဲ့ စိတ် ....
ဟဒယ ၀တ္တုမှ ရွာရန်ရွာနှုန်းအသင့်အတင့် ...
မိုးတိမ်ဖြစ်ထွန်းရန် ကံတရားအလုံအလောက်ပါဝင် ...
ဇာတ်လမ်းဇာတ်ကွက်သေသပ်ပိရိတိကျစွာ ..
ပစ္စေက ဗုဒ္ဓါရဲ့ ငုပ်ဗီဇပါဝင် ...
စိတ်ကလှုပ်တာပါ ...
စိတ်ကလှုပ်တာပါ ...
ဟုတ်တယ် စိတ်က လှုပ်တာ ....။

အသံတွေထဲက ဟောသလို ထွက်တယ် ...။
မလွတ်ဘူး .. ဒါဆို ဟောသလို ဟောသလို ဆိုရင်ရော ...
မလွတ်ပြန်ဘူး .. ဒါဖြင့် ဟောသလို ကွာ ...
မလွတ်ဘူး .. ဟောသလို ဟောသလို ဟောသလို .. ကိုင်း ... မောပြီ ..
အသံတွေကို မပြတ်နိုင်ဘူး ...။
ဘာသာစကားအသစ်ကို ဆာတယ် ..
နားအသစ်ကို ဆာတယ် ...
အဓိပ္ပာယ်အသစ်ကို ဆာတယ် ...။ မဖြစ်ညစ်ကျယ် ... စကားဖာမသုံးရင် ဘာဖြစ်မလဲ ...။

စနစ်တကျ ရေလိုက်လွဲနေတာပါ ....။ ဒီတောင်ကို မကျော်နိုင်တော့ပါဘူး ....။
ရွှေသမင် အလိုက်မှားတာမဟုတ်ဘူး။ တံလျှပ်လမ်းမှားနေတာ ...ဒီကိစ္စ အစကပြန်စရရင် ဘုရားသခင် အသစ်လိုတယ်။ ပြီးတော့ မြေမှုန့်အသစ်လိုတယ် ...။ အခုတလော နေရထိုင်ရမကောင်းဘူး ....။
အသက်ရှူရခက်လိုက်တာ ...။ ဇရာ ဆိုတာပဲလား ...။ မဟုတ်ရင်ဘာလဲ ...။ ဆရာဝန် တစ်ယောက် ခေါင်းယမ်းတတ်ဖို့ ငါးနှစ်တောင် သင်ထားရတာ ...။

မဟုတ်ဘူး။
ကဗျာဆိုတာတွေက ရှားပါးကုန်စည်မဟုတ်ဘူး။ တစ်ရာဖိုး သုံးပုဒ်ကဗျာတွေရှိတယ် ...။ တစ်နေ့ကို ငါ ၅၀၀ဖိုးရေးမယ်။ ၀မ်းဗိုက်ထဲမှာ ဂလုံဂလွမ်မြည်နေတာ ကဗျာမဆန်ဘူး။ အရက်နဲ့ရေ ရောထားတဲ့သွေးဆိုတာရှိတယ် ...။ ဟိုတစ်နေ့က ငါ့ကို ကိုက်တဲ့ခြင် အရက်နာကျသွားသေးတယ်။
ပြန်ပေးသွားတယ်ဟုတ်လား။ အော်ပြတ်သွားလို့ကိုး ...။ တစ်ခါတစ်လေ သုံးပြီးသားအချစ်ကြီး ပြန်ရတာ ဘာလုပ်လို့ရသလဲ။ .... တစ်ရာဖိုးသုံးပုဒ်ကဗျာတွေအတွက် မီးစာကောင်းကောင်းရတယ် ...။ မဟုတ်သေးပါဘူး ... အဲဒါကြီးက မီးမလောင်တတ်တဲ့အစားထဲကမဟုတ်လား။ မသိဘူး။ အသက်တစ်ခါရှူလိုက်ရင် ဘယ်နှစက္ကန့် အမောပြေလဲ မသိဘူး...။ နောက်ဆုံး သူငယ်ချင်းတွေ ပဲလှော်နဲ့လဲလို့ရမရမသိဘူး ...။ ပဲလှော်လည်းကြိုက်လှတယ်မဟုတ်ပါဘူး ...။ စကားအဖြစ်ပြောတာပါ။

ဒူးနေရာဒူး တော်နေရာတော် ...။
ဆန်ဆေးရင်း သေးပေါက်သလို ဘက်စုံထူးချွန်သူများ ....။
ပိဍကတ် အိုးခြမ်းကွဲများ .. ခြင်ယင်မပေါက်ပွားရန် ခွဲပစ်လိုက်သည်။
မိုးရွာတုန်းရေခံထားသမျှ Acid Rain ဖြစ်နေတဲ့အကြောင်း ပညာယှိကြီးမသိခဲ့ဘူး ....။ အဲဒီစကားလုံးတွေကို ဒူးထောင် ပေါင်ကားရွေ့ပြောင်းလိုက်ရင်ကဗျာဖြစ်လာလိမ့်မယ် ....။ တစ်ခုခုဖြစ်လာလိမ့်မယ်။ ဘာမှဖြစ်မသွားဘူး။ ဒီအယူ ငါမယူဘူး ငါ့ရှင် ။ ... နားရှိသောသူ ကြားပါလေစေ။ မဟုတ်သေးဘူးငါ့ရှင် နားရှိတယ် .... နားမကြားရတာ။ ပေါက်ပေါက်မဖောက်နဲ့ .. ပြောင်ချင်နောက်ချင်ရင် လူရွှင်တော် ရွှေဖလားသွား ...။ ဒါ ကဗျာရေးနေတာ ....။ မဲစာတောင်ခြေမှာ လိမ်စဉ် တစ်ခု ပွားနေတာ ...။ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူနေတာ ...။ ကလိမ်စေ့တွေနဲ့ အိုင်ဖယ်တာဝါ ဆောက်နေတာ ...။ နေသာပါတယ် ...။ ချောင်းတဟွတ်ဟွတ်ဆိုးတယ် ..။ ဒီတောင်ရော ဟိုဘက်ကတောင်ပါ မကျော်နိုင်တော့ဘူး ... အခုမှ မဟုတ်ဘူး ... ငယ်ကတည်းက မကျော်နိုင်တာပါ ....။ ဟိုဘက် က တောင် အနိမ့်လေးလည်း မကျော်နိုင်ပါဘူး ... ဘုန်းနိမ့်မှာစိုးလို့ ... လောင်းရိပ်မခိုဘူး ....။ မုန့်အများကြီးမကျွေးမှာစိုးလို့ ဆရာလည်းမွေးမစားဖြစ်သေးဘူး။

ဂျလကီးဂျောင်းပါကွာ ..။ .. တကယ်သွားတဲ့သူတွေရောက်မှာပါ ...။
ဘုံမဟုတ်ပတ်မဟုတ် အစွယ်တွေ တစ်ခါတစ်ခါတိလိုက်ရင် သပ်ရပ်သွားတာပေါ့ ....။
သွားစွယ်တွေနဲ့ ပန်းပွင့်ပြနေရတဲ့ ခွေးအတစ်ကောင်ရဲ့ တလွဲမာနမျိုး ...။ ရောက်ပြန်တာပေါ့ ...။ ရောပြန်တာပေါ့။ ... ၀င်စို့ပြန်ခေါ်လိုက်ရင် ၀ိုင်းထဲက ဂျင်ကို ပေါက်လို့ရပြီ ....။ မဟုတ်သေးဘူး ... ဒီကစားပွဲက သစ္စာဖောက်တွေနဲ့မဆိုင်လှဘူး။ ... ဓားနဲ့ချိုင်ကွာ ... ဇရက်ကျတာ လက်ပံပင်မှတ်လိုက် ... ကြောင်ခံတွင်းပျက်နားကိုကြည့်လိုက် .. သူငါးကြော်မကြိုက်တာ ကြောင်စာစားလို့ ...။ ဖြစ်ပျက်ပဲရှိတာပါ ...။ ဟိုဒင်းပါးစပ်က ဟိုဒင်းထွက်ပုံက မသတီစရာ ...။

ခေါက်ရိုးအကျိုးတွေတွေ့လား ... အဲဒါ ငါပေါ့ ...။
တတိယခေါက်ရိုးကျိုးနေတဲ့နားမှာလဲနေတာတွေ့လား .. အဲဒါလည်းငါပဲ ....။
မြစ်မကြီးတစ်ယောက် ချမ်းသာသွားဖို့ ... ဖွတ်မိကျောင်းတွေကို ငမိုးရိပ် မွေးမြူရေးစခန်းက လျာထားချက်ပြည့်မီစွာ ဥချနိုင်ခဲ့။

ဝက်သတ်သမားရဲ့စုးမှာ အကုသိုလ်ဘယ်လောက်သားမှမပါဘူး။
ဒါပါပဲ ... ၀က်သားစားလို့ကောင်းနေသရွှေ့ အကုသိုလ်ဟာ ပေါ့ပါတယ်။

Xanthos

| at 7:20 AM | 0 comments

အထားအသိုမှားတဲ့ပန်းပွင့်ဟာ သစ်သီးဖြစ်လာတယ်။

ကဗျာတွေတပ်ဆင်ထုတ်လုပ်မှုယိုယွင်းမှုအခြေအနေ ...
နှလုံးသားကိစ္စပါမှလား ... ၀ဲပစ်လိုက် ... ။
ဖိနပ်တစ်ရံပြတ်တယ် ..
ရည်စားနဲ့ပြတ်တယ် ...
၃၁ ဘုံကလွဲရင် အကုန်လုံးနဲ့ပြတ်တယ် ...။

အစအဆုံးပြန်ငြင်းဆိုမိတယ်။ ငါ့မြင်းကို စစ်ကိုင်းဘယ်နားရောက်ပြီလဲ ... အဲဒီစာကြောင်းဟာ အထားအသိုမှားတယ်။
ဘ၀ဟာအထားအသိုမှားတယ်။ ထိုသို့ဖြင့် အစစအရာရာ အထားအသိုမှားတယ်။ တယ်မှားသိုအထား ရာရာအစစအ ဖြင့်သို့ထို ...။
ငါက ဘုရားသခင် အီဗော်လူရှင်းဖြစ်လာတဲ့လူ ....။ ဒီကိစ္စမှာ ကံတရားလည်းမလိုဘူး။ တစ်စုံတစ်ယောက်ရဲ့ထောက်ခံချက်လည်းမလိုဘူး။ အကိုးအကားမပြောကြေးမှာ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ ငြင်းခုံပွဲတစ်ခု သွားရည်တများများ၊ခွေးရူးတဝေေ၀၊ အဆိပ် တသုန်သုန် ....။

လှပတဲ့စာကြောင်းတွေရှာမနေနဲ့ သေသွားပြီ ... ငါ့ကိုယ်ငါပြောခဲ့တယ်။
မွန်းတည့်နေမှာ ..မွန်းတည့်နေရတဲ့လူ ....မွန်းတည့်နေတယ် ....။ အနုပညာ၊ ၀ါးလက်စပီကေ၊ L.P ယိမ်းအဖွဲ့၊ .... တစ်ခါထိုးအန်ရုံနဲ့ သုံးမျိုးလုံးပါသွားလို့ ရင်ချောင်တယ်။ ဒီနေ့ ရက်ရာဇာပဲ ...။

tEXTပဲရှိတဲ့အထဲ ... ငါက ဘာကိုဖြည့်ရမှာလဲ ...။ မျဉ်းစောင်းလေးတစ်ကြောင်းဆွဲ ... သံတူကြောင်းကွဲတွေ ရွတ်ဆို၊ ယွတ်ဆို၊ ယွတ်ဇို .. ဇေယျာလင်းနဲ့မျိုးမစပ်ဘဲ သားပေါက်နေတဲ့ကဗျာတွေ .. ငါရွံတယ် ...။ ဇေယျာလင်းတော်သလောက် ... ယိမ်းအဖွဲ့သားတွေတော်တဲ့နေ့ ...ဘဒ္ဒကမ္ဘာမှာ နောက်ဆုံးဘုရားပွင့်လိမ့်မယ်။ ...

မင်းတို့ကောင်တွေက ဖွဲတွေပဲ .. ဦးနှောက်ကျဉ်းကျဉ်းနဲ့ ပြိတ္တာတစ်မျိုးပဲ ... နွားခြေရာခွက် Prototype ထဲမှာ Biosphere ဆောက်ပြီးနေချင်တဲ့ အန္ဓလို သတ္တ၀ါပဲ ..။ ငါလည်း မင်းတို့ကို ရွံတတ်တာတစ်ခုလည်း လွဲရင် အတူတူပဲ။ ယိမ်းမကတတ်တာကလွဲရင် ... မင်းတို့လိုပဲ ပါရာစီတမောသောက်တယ်။ ကောင်မလေးတွေရဲ့ အဆီတွေကို ကိုလက်စထေရောနည်းမယ်ထင်တယ်။ ... ကဗျာဆိုတာကို ရေးတတ်တယ်ထင်တယ်။

ဘာမှသာမဟုတ်တာ ဆရာကြီးအထာနဲ့ ... မင်းနားရွက်ကို တံထွေးပြန်ဆွတ်ပြီး မင်းကိုယ်မင်းစိမ်ခေါ်လိုက် ...။
၂၄ နာရီထဲရလို့ ငါ့မောဟဟာ ငါ့ကဗျာပဲ ...။ တိုးတိုးလေးညည်းတယ်။ ဒီနေ့ကဗျာတွေ ပေါလှချည်လား။

ဒီစာကို ငါရေးပြီးမင်းဆီပို့ပေမယ့် ...။
ဒီစာက ငါ့ဆီကို ပြန်ရောက်လာတယ်။

မင်းလိပ်စာက ငါ့လိပ်စာပဲလား။
မှတ်ပုံတင်ချင်းတူနေတာဆိုးတယ် ....။

ဒီနေ့ငါ ကိုယ်ပေါင်ကိုယ်လှန်ထောင်းနေတဲ့ ကြယ်တစ်စင်းထဲမိနေတယ်။ ။

Xanthos

| at 6:50 PM | 0 comments

Xanthos Hates Junk Forwards ...

Xanthos Hates Junk Forwards ...


စကြ၀တေးမင်း ခြေသလုံးမွှေးကျွတ်လို့
အိုဘာမားမှာ ဆံပင်ဖြူရှိတာ လူမည်းမဆန်လို့ ...
မွတ်စလင်မုန်းတီးရေး ..
စစ်အစိုးရ ဆန့်ကျင့်ရေး ...
ဝမ်းနှုတ်ဆေးမှန်မှန်စားရေး ...
အရပ်ဆယ့်တစ်မျက်နှာ မေတ္တာပို့ရေး ...
Blogger နာမည်ဖျောက် ... ခါတော်မီကိုယ်တိုင်ရေး Fwd: များအပါအ၀င်
သူတလူငါတမင်း ...

ကောက်ချက်ချဝါကျတွေစောသွားတာလား ...
Forward လုပ်ရေး ကူးစက်ရောဂါလား ...
တစ်ခုခုလား ... တစ်ခုခုရဲ့ အခြားမဲ့လား ...
လက်လျှော့တာကြာတော့ .. အရစ်ပြုန်းတယ် ...
ငါ့ကို နနွင်းမှုန့်လေတိုက် .... လုံးပါးမပါးခိုင်းလိုက်ပါနဲ့
ဖြစ်နိုင်သေးရင် ... တကယ်လို့
ဖြစ်လေရာ ဘ၀၌ Junk Forward Mails အပို့မခံရသူ ဖြစ်ရလိုပါ၏ဘုရား ...
ပေါက်ဆိန်ပေါက် ဦးသုံးကြိမ်
ထိခြင်းကြီး ငါးပြား ...
ရိုသေမြတ်နိုး လက်စုံမိုးရင်း ..
တဖြည်းဖြည်း ရင့်ကျက်သွားဖို့ကောင်းတယ် ...။
အခုတော့ ...။

မမှန်တာတွေဟာ
ကိုယ့်ဆီမှာ လမ်းဆုံးသွားရမယ် ...
အရှင်ဆန္ဒာဓိက အတု လုပ်စရာ မလိုအပ်။
ဇာတ်နာပြီးသား ဇတ်ကားကို ဗီလိန်တွေ ထပ်ဖြည့်ဖို့မလို ..
ကိုယ့်ဝမ်းနာ ကိုယ်သာသိသလို
အိမ်သာစောင့်လည်းသိတယ် ...
..

စိတ်ချမ်းသာစရာလေး ...
မခိုးမ၀ှက်ဘဲ
ဖော်ဝပ်လုပ်လိုက်စမ်းပါ ...
ရယ်စရာလေးဖြစ်ဖြစ် ...
ပျော်စရာပုံလေးဖြစ်ဖြစ် ..
ပြုံးစရာသီချင်းလေးဖြစ်ဖြစ် ..

အရမ်း မ၀ပ်(ဒ်) လိုက်ပါနဲ့ ...
ရှေ့ကိုက်တရာမှာ ..
ချောက်ကမ်းပါးရှိတယ်....
အပေါ့အလေးသွားချင်ရင် ဆင်းနေခဲ့ပါ ...
ဖော်ဝပ်ဒ်မလုပ်ပါနဲ့ ..
ရှစ်ကြီးခိုးပါရဲ့ ...
ကိုးကြီးကွယ်ပါရဲ့ ...
ရှစ်ကိုးကြီး ခိုးကွယ်ပါရဲ့ ...
ရှိခိုးပြီး ကိုးကွယ်ပါရဲ့ .....

အလလ္လာပသလ္လာပ
ခရုတစ်ခုန်စာ ပျံသန်းပါ ..
အသက်အောင့်ပြီး ရေငုပ်ပါ ...

ကျွန်တော်ဟာနည်းပညာရဲ့သားကောင်ပါ
မေးလ်တွေနဲ့ချောင်းမပစ်ပါနဲ့လား ....

ကိုယ်မဖတ်ချင်တာကြီးကို
သူဖတ်ချင်မယ်ထင်ပါရဲ့ဆိုတာမျိုး
အလွန်အကျွံ အကောင်းမမြင်လိုက်ပါနဲ့ ...
ကိုယ့်လိုပဲ ကြိုက်မှာပါလို့ .. တယူသန်ကြီးမလုပ်လိုက်ပါနဲ့ ..
စိတ်နည်းနည်းလျော့ပါ ... ..


ကျွန်တော် ..
အသက်သုံးဆယ်နားနီးနီး ..
အတ္တခပ်ကြီးကြီးလူ ...
Junk Food မစား ..
Junk Mails မဖတ် ..
ပျင်းလာရင် ... လျှာကို အရှည်ကြီးဆွဲထုတ် ...
တံတွေးတွေကို တစ်ရှူးနဲ့သုတ်တယ် ...

တစ်သက်လုံး ..
ဘုရားတရားမလုပ်ခဲ့သလို ...
တွေ့ကရာမေးလ်လည်း forward မလုပ်ခဲ့ဘူး ...။
ဒီကုသိုလ်နဲ့ အကုသိုလ်နဲ့ချေရုံနဲ့ ...
နတ်ပြည်တော့ အသာလေးရောက်ပေါ့ ...
....

Hi Buddy,

ကျွန်တော့် Account ကို မေးလ်ထဲက Delete လုပ်လိုက်ပါ ...
ရောဂါ ၉၆ ပါး ငြိမ်းတယ် ...
(ဒီ mail ကို ကျွန်တော် Forward လုပ်ပါရစေလား ...။)

With Regards,
Xanthos

Caution:
ခုနစ်ရက်အတွင်း Delete မလုပ်ရင် လိပ်ခေါင်းရောဂါဖြစ်မယ် ....။
Delete လုပ်တဲ့သူတွေ အောင်ဘာလေဆုကြီး သက်စေ့ပေါက်မယ် ...။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


| at 8:17 AM | 1 comments

ဖန်ခွက်တွေကွဲသွားပြီ … ပြန်မဆက်နဲ့တော့

ဖန်ခွက်တွေကွဲသွားပြီ … ပြန်မဆက်နဲ့တော့


အမှာအထား စကားဆိုတယ်။

Monologue လွမ်းဆွတ်တယ်။

စကားဖာတွေ သုံးထားတဲ့အတိတ်ကို

မျက်ဘီလူးချောင်းကြည့်ပေါက်လေးက ချောင်းကြည့်တယ်။


ယသော …

ဆက်မပြောဘဲရပ်လိုက်တယ်။

ရွှေ့လိုက်ရင်ရွေ့မယ်

ငြိမ်ငြိမ်နေပါ ..

ငါ့စိတ်။


လောင်စာမရှိတဲ့မီးတောက်ပေါ့

ဟုပ်ခနဲလောင်သွားမိတယ်

မနက်ဖြန်

မီးသတ်သမားအသေကောင်တွေ တွေ့မှ

မီးလောင်သွားမှန်း

သေချာကြရမယ်။

Xanthos


(မီးလန့်စာစား နေ့ရက်တွေမှာ အတူတကွ စိုးရိမ်ပူပန်ခဲ့ကြကုန်သော ရပ်ကွက်သူရပ်ကွက်သားများ သိသာစေရန် ....)

| at 10:33 PM | 0 comments

ဝဋ်ကောင်

ရပ်ကြည့်ပြုံးပြန် ...

ဘုရားစင်ရှေ့မှာ ..
ရပ်ကြည့်ပြုံးပြန် ...
စေတီတစ်ခုရဲ့ ရင်ပြင်မှာ ..
ရပ်ကြည့်ပြုံးပြန် ...
တနံတလျား .. မိုက်မဲမှုတွေ နားမှာ ...၊
ရပ်ကြည့်ပြုံးပြန် ...
ငါ့ကဗျာလေးရှေ့မှာ။ ။

Xanthos


ဒီကဗျာဟာ ငယ်သူငယ်ချင်းတစ်ယောက်အတွက်ပါ။ သူ့အယူအဆအရ ... အထီးအမ သဘာဝဟာ အရေးကြီးတယ်လို့ပြောပါတယ်။ ငါ့လိုကောင် အတွက် .. နင်ဟာ ဆူးသရဖူပါလို့ အမျိုးသား ကဗျာဆရာက ရေးရင် ရပေမယ့် .. ငါ့လိုကောင်မအတွက် နင်ဟာ ဆူးသရဖူပါလို့ အမျိုးသမီးကဗျာဆရာမက ရေးလို့မရဘူးလို့ဆိုပါတယ်။ သူ့အယူအဆအရ ကျွန်တော် ၀ဋ်ကောင်လို့ ရေးတာ ဟာ ၀ဋ်ကောင်မလို့ရေးပြီး မော်ဒန်မဆန်ဘဲ ငါးစိမ်းသည်ဆန်သွားမှာစိုးတဲ့အတွက် မဟုတ်ကြောင်း သူ့ကို ပြောချင်ပါတယ်။

| at 10:34 PM | 2 comments

တရားမူးမိုက်တွေဝေ

တရားမူးမိုက်တွေဝေ



ဒီလို အဆုံးသတ်မသွားခင်… ဒီလိုအစပြုခဲ့တယ်။

ပစ်သလောက်ရောက်တယ် ..

စိုက်သလောက်ပေါက်မယ်၊

နာရင်မငိုကြေး စိန်ခေါ်ပွဲ ..

စိတ်ကို ရိုက်ခွဲ ဖွဖွညင်သာ၊

မုန်တိုင်းစဲတဲ့အခါ …

ဆူနာမီလှိုင်းတွေလာတယ်။


ဇနပုဒ်အလွန်မှာ

ကိုယ့်ကိုယ်ကို လွှင့်ထူပွဲရှိတယ်။

မိုးမလာခင် ရိတ်လိုက်ကြရအောင်

တက်ကြွ မာန်ဟုန်ပြင်း ထူးကဲ စိတ်အခြေအနေ၊

မလှဘူးပြောရင်ငိုချင်တယ်။

လက်တို့မယ့်သူမရှိ …

ကွေးနေအောင်က .. ကွေးနေအောင် ခ ကွေးနေအောင် အ …။


ဒီအခင်းအကျင်းမျိုးနဲ့ မျက်လှည့်ပွဲဟာ

ငါ့အိပ်ကပ်ကို ပါးလျစေခဲ့ …

သနားစရာ သနားစရာ …

လက်ခံဖြတ်ပိုင်းအရ ..

ငါဟာ သနားစရာ …၊

လူသားမျိုးစိတ် တစ်ခုရဲ့ မှတ်ပုံတင်အရ ..

ငါဟာ အရပ် ငါးပေခြောက် ၊ အထီးသတ္တ၀ါ၊ ထင်ရှားတဲ့ အမှတ်အသားနဲ့ …၊

ဒီဘ၀မှာ တော်စပ်ဖူးတဲ့မိဘ၊

ဘယ်လက်ဗွေရာ ထိုးမြဲလက်မှတ်နဲ့ ..

သူလိုကိုယ်လို ခမ်းနားရက်စက်ခဲ့တယ်။

နှလုံးခုန်တိုင်း သွေးတွေပွက်ခနဲထွက်နေတဲ့သူတွေက … ငါ့ကို ပွက်ခနဲ ပြောတယ်။

ညဉ့်နက်ပြီ …အိမ်ပြန်အိပ်တော့ ဆိုလား။ အသံတွေ ကြိုးလျော့နေတယ်။

အိမ်က ဘယ်မှာလဲ .. ငါ့မှာ ဖားတစ်ကောင်မှမရသေးတဲ့ အိတ်အထူစားကြီးနဲ့ ..

ငါးတစ်ကောင်မှမရသေးတဲ့ ပလိုင်းအသစ်ကြပ်ချွတ်ကြီးနဲ့ …

အိမ်ကဘယ်မှာလဲ …

ပြန်ကဘယ်မှာလဲ …

ငါက ဘယ်မှာလဲ …။


Xanthos

| at 10:07 PM | 1 comments