Tuesday, September 20, 2011

Zလမ်းပမာ


Zလမ်းပမာ

Astrud Gilberto and Stan Getz: THE GIRL FROM IPANEMA - 1964 နားထောင်ရင်း ပြန်သတိရမိတဲ့အကြောင်းပြောမယ်ပြောမယ်နဲ့ကို မပြောဖြစ်တော့ဘူး။ မပြောဖြစ်တော့ဘူးဆိုတာမှာလည်း ပြောချင်စိတ်မရှိတော့တာလည်းပါတယ်။ ရည်းစားဘ၀ဆိုတာ တစ်နှစ်ကနေ ခြောက်နှစ်အထိလောက်ကြာတတ်ပြီး ကြိတ်နှုန်းအားဖြင့် သုံးနှစ်လောက်ဆို လမ်းခွဲရင်ခွဲ မခွဲရင် ယူလိုက်ကြတာပဲ။ ဘယ်ဟာက ပိုဇာတ်နာမှန်းတော့မပြောတတ်ပေါင်။ မပြောတတ်ဆိုတာလည်း သေချာစဉ်းစားလေပြောရခက်လေပဲမဟုတ်လား။

ဝေးသွားရင် သွေးအေးသွားကြပြီး ငါးတွေဖြစ်သွားတယ်တဲ့ အချစ်ရေ။ ငါတို့က ငါးတွေလား။
ငါးတွေဆိုရင် ရေနစ်သေလို့မဖြစ်ဘူး။ ဒါဟာ ငါးသဘာဝနဲ့ဆန့်ကျင်တယ်။ ငါးမှန်ရင် အဖျင်းဆုံးငါးကရေနစ်မသေရဘူး။ အနည်းဆုံး အောက်ဆီဂျင်အပြည့်ရှိနေတဲ့ ရေသန့်ထဲမှာတော့ ရေနစ်မသေသင့်ဘူး။ ဒါကို မင်းကိုငါပြောပါတယ်။ ငါလိုအပ်တာ ကြယ်ပွင့်တွေမဟုတ်ဘူး။ ငါလိုအပ်တာ တစ်သက်လုံးတွဲထားမယ့်လက်တစ်ဖက်ပါ။ အဲဒီအတ္တထဲ အလုံပိတ်ဆောင်းခိုနေတာများပြီ။ တကယ်တော့ များပြီဆိုတာထက်လည်းပိုတယ်။ အခုအချိန်မှာ ပြန်စဉ်းစားလိုက်တိုင်း နာနတ်သီးတွေပဲ တစ်လုံးပြီး တစ်လုံးပေါ်လာတယ်။ ဘာလို့လဲတော့မပြောတတ်ပေါင်။ မပြောတတ်ဆိုတာလည်း သေချာစဉ်းစားလေပြောရခက်လေပဲမဟုတ်လား။

ဂလက်ဒီယေးတားဟာ အပျော်တမ်း ထင်းခွဲနေမှာလား။ ဟင့်အင်း။ ငါမယုံပါဘူး။
ရည်းစားဘ၀ဆိုတာ အိမ်မက်တွေကို အိမ်မက်တွေအတိုင်းလုံလုံခြုံခြုံထိန်းသိမ်းထားဖို့ပဲကောင်းတာ။ ကြက်သွန်ခွာသလို၊ ဂေါ်ဖီထုပ်ခွာသလို အတူတူတွေကို အတူတူမှန်းသိနေရင် မာယာတွေကို ခွာကြည့်နေစရာမလိုဘူးမဟုတ်လား။ ငါတို့ ဟန်ဆောင်ပန်ဆောင် တေးသွားတစ်ခုကို လေချွန်ခဲ့ကြတာမဟုတ်ဘူးလေ။ အဲဒါ ချစ်ခဲ့ကြတာ။ ချစ်တယ်ဆိုကတည်းက ဟန်ဆောင်နေတာမဟုတ်ဘူး။ အာလူးကို အကွင်းလိုက်လှီးနေတာ၊ ပုစွန်ကို အလုံးလိုက်ကြော်နေတဲ့ကိစ္စမျိုးမဟုတ်ဘူး။ ချစ်ခဲ့ကြတာ။ တိုင်းရေးပြည်ရေးထက်လည်းပိုအရေးကြီးတယ်။ ဒါက ငါတို့ဘ၀မှာ ရှေ့ဆက်လက်နေထိုင်သွားရမယ့် ဖွဲ့စည်းပုံမဟုတ်လား။ ငါတို့နှစ်ယောက်ပိုင်တဲ့ကမ္ဘာကို မင်းရဲ့ ကန့်ကွက်မဲကို မသုံးသင့်ဘူး အချစ်ရေ။ အနည်းဆုံး မဟုတ်လား။ မင်းကို ငါက တွေ့ချင်တယ်ဆိုတာ ချစ်လို့မဟုတ်လား။ မဟုတ်လားလို့ ငါမေးနေတာ ငါက ငါမဟုတ်လို့ မဟုတ်လား။ ငါက ရူးနေတယ်လေ။ မင်းသိတဲ့ငါက ငါမဟုတ်ဘူး။ အရူးတစ်ယောက်ပဲ။ အရူးတစ်ယောက်ဟာ ဘာများလုပ်နေမလဲ အချစ်ရေ။ မင်းသိပါတယ်။ အရူးတစ်ယောက်ဟာ အိပ်မပျော်ဘူး။ တစ်ညလုံး ကြောက်နေတယ်။ အရူးဟာ မနက်ဖြန်ကြီး သူ့ဆီကို တည့်တည့်တိုးဝင်လာတာကို တညလုံး ထိုင်ကြည့်နေရတာ။

မင်းတွေးကြည့်လိုက်။ အရုးတစ်ယောက်ရဲ့ ကမ္ဘာဟာ ကျဉ်းကျဉ်းလေး။ ချစ်တဲ့သူ အနည်းငယ်နဲ့ သူ့ခြံစည်းရိုးလေးသူခတ်ပြီး အထဲမှာ ကြုံ့ကြုံ့လေးထိုင်နေတာ။ မရှိတဲ့အသံတွေသူကြားနေရတာ။ သူကြားနေရတာတွေက သူ့အတွက် အစစ်ပဲ။ အရူးတစ်ယောက်ဟာ ရူးသွားမှာကြောက်နေတဲ့စိတ်နဲ့ နေထိုင်နေရတာ။ အရူးတစ်ယောက်ဟာ အိပ်မပျော်လို့ ချိုင့်ဝင်နေတဲ့မျက်တွင်းဟောက်ပက်နဲ့နေထိုင်နေရတာ။ အရူးတစ်ယောက်ဟာ သူ့ချစ်သူကို ရူးသွားမှာကြောက်တဲ့အကြောင်း စာအုပ်လေးထဲမှာ မှိုင်တွေငေးရင်းရေးနေမိတာ။ အရူးတစ်ယောက်ဟာ ဘာမှမမျှော်လင့်ဘူး။ မနက်ဖြန်တွေကို ကြောက်နေတယ်။ ဒီလောက်ပဲ။ အရူးတစ်ယောက်ဟာ အရူးအမူး သိမ်ငယ်နေတယ်။ အရူးတစ်ယောက်ဟာ အရူးအမူးကြောက်ရွံ့နေတယ်။

အရူးတစ်ယောက်ဟာ မနုံလှဘူး။ အရူးတစ်ယောက်ဟာ သူ့ရင်ဘတ်ထဲက ဘယ်သူထွက်သွားမယ်ဆိုတာလောက်မသိလောက်အောင်လဲ မပြိန်းလှဘူး။ အဲဒါ အရူး ဇာတ်နာသွားတဲ့အကွက်ပေါ့။ ပြက္ခဒိန်တွေကတော့ အဲဒီလကို ၂၀၀၇ စက်တင်ဘာ ၄ ရက်လို့ခေါ်တယ်။ ဒါပေမယ့် အဲဒါဟာ အရူးအတွက်တော့ armageddon ပဲ။ အရူးဟာ ရူးနေရတာကိုတောင်ကျေနပ်သွားတယ်။ အရူးဟာ အသည်းကွဲရင်းရူးနေလိုက်တယ်။

အရူးဟာ မြောက်ဒဂုံမှာ တရားသွားမှတ်နေတယ်။ ဘုန်ကြီးကျောင်းမှာနေတယ်။ တရားနဲ့ရူးနေတယ်။ ကလျာဏပုထုစဉ်အရူးဆိုတော့ သူ့ကို အရူးလို့ခေါ်ရင် သူက ရူးရူးကြီးပြုံးနေမှာ။ အရူးအမေကလည်း မနေသာဘူး။ အရူးသားကို ရူးသွားမှာစိုးလို့ လိုက်ပြီးစောင့်ရှောက်တယ်။ အရူးနဲ့သူ့အမေဟာ ထမင်းကို ၀ယ်စားတယ်။ ဘုန်းကြိးကျောင်းနားမှာ ထမင်းဆိုင်လေးရှိတယ်။ ဘုန်းကြီးကျောင်းက မဟာဂန္ဓာရုံကျောင်းခွဲဖြစ်တယ်။ စိတ်ကောင်းရှိဖို့ ပထမတဲ့။ အရူးပေမယ့် စိတ်ကောင်းရှိတယ်လို့ သူ့ကိုယ်သူ ထင်တယ်။

အရူးဟာ အကုသိုလ်ကံမသေးဘူး။ နောက်ထပ်ရိပ်သာတစ်ခုကိုဝင်တယ်။ ၁၄ ရက်ပေမယ့် သူ ဆယ်ရက်မှာထွက်လာတယ်။ တော်တော်လေး စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေခံလိုက်ရတယ်။ မထွက်လာလို့လည်းမဖြစ်ဘူး။ သူ့လမ်းကြောင်းသူသိတယ်။ အရူးဟာ ဆေးရုံကိုသွားရတယ်။ အရူးဟာ တစ်လလောက် ကုသမှုခံယူရတယ်။ သူပြန်အိပ်နိုင်ပြီ။ သူ အာရုံပြန်စိုက်နိုင်ပြီ။ သူသူ့စိတ်ကို ပြန်သိပြီ။ သူ့အတွေးစဉ်တန်းကြီးဟာရပ်သွားပြီ။ အရူးဟာ မရူးတော့ဘူး အချစ်ရေ။ အရူးမဟုတ်တော့တဲ့အခါမှာ သူ့ဒဏ်ရာတွေဟာ ပိုနာလာတယ်။ အရူးဟာ အရူးမဟုတ်တော့ဘူး။ အရူးဟာ ဟက်ကာဖြစ်လာတယ်။ အရူးဟာ ဘာတွေကို hack မလဲ။ မသိဘူးအချစ်ရေ။ ကြုံရာတော့မဟပ်ဘူး။ ကြုံရာဟပ်တဲ့သူတွေထဲမှာလည်း အရူးမပါဘူး။ သူက အရူးမှမဟုတ်တော့တာ။

အရူး မဟုတ်တော့တဲ့သူဟာ ဘာတွေလုပ်နေမလဲ။ သူ လက်စားချေဖို့ပဲလုပ်နေတာပေါ့။ သူ့ကို မကောင်းခဲ့တဲ့သူကိုပေါ့။ အနည်းဆုံး စိတ်ဒုက္ခကနေ အများဆုံး အသက်အန္တရာယ်အထိပေါ့။

သူ့မှာ တခြားဥပဒေမရှိဘူး။ မျက်လုံတစ်လုံးဆုံးရှုံးရင် မျက်လုံးနှစ်လုံးနဲ့ ခေါင်းပြတ်တစ်လုံး ပြန်လိုချင်တယ်။
အဲဒါသူ့ တရားဥပဒေသပေါ့။ သူဟာ ဘာမဆိုကို အကွက်ချတယ်။ အကွက်တွေအများကြီးချတယ်။ စီစဉ်စရာတွေ စီစဉ်တယ်။ အရူးမဟုတ်တော့တဲ့အခါမှာ သူ့မှာ မြင့်မားတဲ့ အသိဉာဏ်ရှိလာတယ်။ ကြောက်မက်ဖွယ်ရာ တိုးတက်လာတဲ့ ရက်စက်မှုတွေရှိလာတယ်။ အများအမြင်မှာ သူဟာ ပြတ်သွားတဲ့ ရည်းစားကို လွမ်းဆွတ်သယောင်တွေ လုပ်ခဲ့တယ်။

သူ့စိတ်ထဲမှာရိုးရိုးလေးတွေးထားတယ်။ သွေးညှီနံ့ကိုမှတ်မိနေတဲ့ငါးမန်းလို သူဟာ ရန်သူကို သိတယ်။ အနံ့ခံတယ်။ အားလုံးကို သူသိနေတယ်။ သတင်းတွေကို သူရနေတယ်။ သူဟာ ကြောက်စရာပိုကောင်းလာတယ်။ ဘယ်သူမှမသိပေမယ့် သူ့မှာ ကြောက်စရာ အစွမ်းအစတွေပိုများလာတယ်။ လူတစ်ယောက်သေသွားတာ သိပ်မနာကျင်ပေမယ့် လူ့တစ်ယောက်ရဲ့ စိတ်သေဆုံးသွားတာ ပိုပြီးနာကျင်စရာကောင်းတယ်။ သူဟာ စိတ်တွေကို ဘယ်လို သတ်ရသလဲဆိုတာကိုပဲလေ့လာနေတော့တယ်။

သူဟာ တဖြည်းဖြည်း Dark arts/Magic ကို စိတ်ဝင်စားလာတယ်။ ဒါတွေကို ဘယ်လို အသုံးချရမလဲ။ ဘယ်သူ့ကို စမ်းသပ်ကြည့်ရမလဲ စပြီးတွေးလာတယ်။ သူ့ရန်သူတွေကို စပြီး စမ်းသပ်ကြည့်တယ်။ ရန်သူအသေးလေးတွေကို စမ်းသပ်ပြီး သူ့ရဲ့ ပါဝါကို ခန့်မှန်းကြည့်တယ်။ ဘယ်သူတွေ ထိခိုက်ပြီး၊ ဘယ်သူတွေမှာ မအောင်မြင်ဘူးလဲ။ သူတိတိကျကျလေ့လာတယ်။ တိတိကျကျ ကျင့်သုံးတယ်။ သူလွဲချော်လို့မဖြစ်တဲ့ရန်သူအတွက် သူပြင်ဆင်တယ်။ သူဘယ်တော့မှ စောစောမအိပ်ဘူး။ ညပေါင်းများစွာ သူ လေ့လာနေတယ်။ အချိန်အနည်းငယ်လောက်အိပ်ရရင်ရပြီ။ တစ်နာရီ၊ နှစ်နာရီလောက် အိပ်ရရင်လည်းရပြီ။

သူ စိတ်ကို အသုံးချပြီး ထောက်ချောက်တွေလုပ်တတ်လာတယ်။ သူ စိတ်ကို ဓားတစ်လက်လို သုံးတတ်လာတယ်။ သူအစစအရာရာပြင်ဆင်ခဲ့ပြီးပြီ။

အိမ်မက်တွေကို ဖတ်ရှူရင်း သူ့တားရော့ထ်ကဒ်တွေကိုကြည့်ရင်း အချိန်အခါကိုစောင့်နေခဲ့တယ်။
2011 စက်တင်ဘာ။ သူ လေတစ်ချက်ချွန်လိုက်တယ်။
သူ့ဘ၀ကို သူကျေနပ်တယ်။
သူ့အောင်မြင်မှုကိုလည်း နှစ်သက်တယ်။
သူ့ရဲ့ မအောင်မြင်မှုကိုလည်း နှစ်သက်တယ်။
လက်စားမချေဖြစ်တာဟာ
လက်စားချေလိုက်တာပါပဲ ဆိုတဲ့ စကားကို ပြန်ပြီးကြားယောင်မိတယ်။

ဘ၀နှစ်ခုကအဝေးကြီး၊ ကိုယ့်လမ်းကိုယ်လျှောက်လို့ရတယ်။
လက်စားချေဖို့ အချိန်အများကြိးဖြုန်းခဲ့ပြီးပြီ။
အခုတော့ ဘာမှမလိုအပ်တော့ဘူး။

သူလေချွန်လိုက်တယ်။ တေးသွားက လွမ်းလွမ်းဆွေးဆွေး။
သူနာနတ်သီးတွေစားနေတယ်။
သူ့ကြည့်ရတာ ရင်နာပုံလည်းမရဘူး။
ပျော်ပျော်ရွှင်ရွှင်ပဲ။

မနက်ဖြန် သူနဲ့တွေ့တဲ့အခါ အရင်လိုပဲလားလို့မေးတော့ သူက ဒီလောက်ပါပဲလို့ပြောတယ်။

ကျွန်တော်တို့လက်ဝါးချင်း ဖြန်းခနဲရိုက်လိုက်တော့ စက်တင်ဘာ ၂၀ဟာ ညပ်သေသွားတယ်။
ငြိမ်းချမ်းအေးမြပါတယ်။ ။

Regards,
Xanthos

When I send my post to yellowish pain, he replied me :
Dr. Cockroach Ph.D.: They said I was crazy, but I'll show them. I'll show them all! Mwa-ha-ha-ha-ha!
Susan Murphy: Dr. Cockroach, I would really appreciate it if you didn't do your mad scientist laugh while I'm hooked up to this machine.

Thanks, buddy. You make me smile with these quotes. I believe you are still addicted to Animations and still laughing out whole-heartedly, mwa-ha-ha-ha-ha!