Thursday, March 22, 2012

အဆင်မပြေတာတစ်ခုခုတွေးနေလိုက်

တကယ်ဆို ကဗျာအစား အပေါစားဖြေဖျော်ရေး ချယ်နယ်တစ်ခုကိုပဲ ကိုယ်စိတ်လိုလက်ရကြည့်နေဖို့ကောင်းတယ်။ on/off ဟာ ကိုယ့်လက်ထဲမှာ ကန့်လန့်ကာအစား remote control ရောက်လား။ ကမ်ချီအစား သူမ နှုတ်ခမ်းများ ပိုမို အရသာရှိလာ။ ကျွန်တော်သည် ဇီဇာကြောင်စွာ ရွံရှာတတ်သူဖြစ်သော်လဲ.........ဇာတ်ကားကို အပြီးအထိ ဆက်လက်ကြည့်လိုစိတ်မရှိခဲ့ ၊ သမားဂုဏ်သိပ်ပြတာပဲ ဆရာရယ် .........။ အပစ်အခတ် ၉၆ မိနစ်စာ၊ ဘာကိစ္စ ဒီလောက်တောင်ရေးကြီးခွင်ကျယ်ဖြစ်နေရတာလဲ၊ ဇာတ်ကားက ပိတ်ပစ်ဖို့လောက်သာ၊ ဝှေ့ယမ်းလက်တံများ၊ အရှိန်ရလာသလိုလို၊ ဘီးနစ်သွားသလိုလို၊ ကောင်းကင်ကို ပျံတက်မယ်ဆိုတဲ့ မိုးပျံပူဖောင်းလေး ပြန်နိမ့်ဆင်းလာတာကို ငေးကြည့်ရင်း မဟားပေမယ့် တရားနဲ့ဖြေရ။ ရေဘ၀ဲဘ၀ကို စပြီးသတိထားမိလာတယ်။ အပြေးနဲ့စတဲ့ဇာတ်လမ်းဟာ ဘယ်တော့မှမဆုံးတော့ဘူး။ လက်တွဲပြီး မိုင်းထောင်ထားတဲ့လမ်းကို ဖြတ်လျှောက်ရတဲ့အရသာက အခုလေးတင်ပဲဖြစ်သလိုလို ပျက်သလိုလို၊ ဟော အမြင့်ကြီး၊ ဒိုင်ဗင်ဘုတ်အမြင့်ရှိသလောက်တက်လို့ရတယ်၊ ရေရှိသလောက်ပဲခုန်ချဖို့တော့မမေ့နဲ့နော်၊ သုံးလတစ်ခါ ပြန်လာခဲ့ပါ။ ဒါမှမဟုတ် ......အဆင်ပြေမယ်ဆိုရင်ပေါ့ဗျာ ...ဆရာဝန်ရဲ့အကြည့်ထဲမှာ ဘာလို့ သူ့ကိုယ်သူ နောင်တရနေပုံရတာလဲ။ တကယ်ဆိုမြို့ပြတွေဟာ ဒီလိုပဲ လှပဆန်းကျယ်ခဲ့တာပဲ။ မြင့်မြတ်ကြီးကျယ်သော ရင်သားများဟာ အလှချိတ်ထားတဲ့ ကင်ဆာရောဂါ။ ဘယ်သူမှသတိမပြုမိဘဲ .... ကိုယ့်စိတ်ကိုကိုယ် ဖဲ့ဖဲ့ချနေတဲ့ သူတွေ များလွန်းတဲ့ကမ္ဘာ။ အဆင်မပြေရင် ပိတ်လိုက်။ အဆင်ပြေရင် ဘာလုပ်ရမလဲ။ အဲဒီမေးခွန်းဟာ အခုခေတ်မှာမရှိတော့ဘူး။ အဆင်ပြေရင် အဆင်မပြေတာတစ်ခုခုတွေးနေလိုက်။ ။