Sunday, July 29, 2012

ဖေ့စ်ဘွခ်ဘာသာဗေဒ။



ဖေ့စ်ဘွခ်ဘာသာဗေဒ။

like= သိလိုက်ပါပြီ။
a like သိလိုက်ပါ= အလိုက်သိလိုက်ပါ။
ဝေါပေါ်မှာဆေးရိုးမလှမ်းရ @Bogyoke Aung San
Obama ကိုအားကျကုန်သော နိုင်ငံရေးသမားများ အမှိုက်မရှုပ်ရ။
ကဗျာယောင်ယောင်များ မTag ပါနှင့်။
ဆရာကီးများ သွားနှင့်ကြပါ။
နောက်ကားနှင့်လိုက်ခဲ့ပါပြီ။

ကျွန်တော်ဝမ်းသွားနေတာကို update လုပ်ပါရစေ၊
မကြိုက်ရင် hide၊ ကြိုက်ရင်Like
Emo များသောသူများကို စာနာပါ။
Virtual friends များဖြင့်စည်ကားနေသော
ကျူးကျော်ရပ်ကွက်အတွင်းမှ
စကားစမြည်နှင့်
အတင်းပြောချင်စိတ်မကုန်သေးသော
ကလေးငယ်များအတွက်သီးသန့်ထုတ်လုပ်သော
ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊
တစ်လုံးငါးပြား၊ တစ်လုံးငါးပြား၊

အချိန်မီလှချင်ပချင်လာသော
ရုပ်ဆိုးမများ၊ပုပ်သိုးမများ၏
တစ်ခြမ်းစောင်းပုံများ၊
ဝေးလေလှလေပုံများ၊
အချစ်အကြောင်းပြောပြောနေသော
ဟိုင်းကြီးများ၊

ညီလာခံမှာ
လက်ကလေးလှသူ လက်ကလေးကြည့်လို့၊
ခေါင်းလှုပ်တတ်သူ ခေါင်းလှုပ်လို့၊
ဖေ့စ်ဘွတ်ခ်မှာတော့
ဝိုင်းလိုက်ခ် ဝိုင်းဆဲပါပဲ။

ဒီမိုကရေစီဆိုတာ
မတူညီမှုတွေကို နားလည်ပေးစရာမလိုမှန်း
ရွှေပြည်ကြီး ဒီမိုကရေစီက သိလိုက်ရတာ
ပညာတစ်မျိုးတိုးတာပဲမဟုတ်လား။

ကျွန်တော်တို့ဖော်ဆောင်နေတာ၊
ကျွန်တော်တို့ အဖော်ဆောင်နေတာလို့
အဓိပ္ပာယ်မသက်ရောက်ဘူး။
ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်ကင်းနေတာ
ဖေ့စ်ဘွတ်ခ်နဲ့ကင်းနေတယ်လို့မဆိုလိုဘူး၊
ကျွန်တော်များ ကဗျာရေးခွင့်ဟာ
လူကြီးမင်းများထံမှာ အသနားခံရမယ့် လျှောက်လွှာတစ်ခုလည်းမဟုတ်ဘူး။

ခြေရာတိုင်းဟာ
ဆင်ခြေရာထဲကိုဝင်သလိုဆိုတော့
ဒိုင်နိုဆောကပြုံးတယ်။

(ကဗျာဆို ကဗျာပဲရေးပါ။
အရူးမထပါနဲ့လား။
ချေးမပန်းပါနဲ့လား၊
ဆရာလုပ်မယ့်အစား
ယဉ်ယဉ်လေး
ကိုယ့်ခြေမ ကိုယ်ကိုက်နေလိုက်လည်း သင့်တာပါပဲ။)

အိုဘယ့်
အချင်းဆော့ခရေတ္တိ၊
မြို့ထဲလျှောက်ပြေးနေမယ့်အစား၊
ဖေ့စ်ဘွတ်ခ် မြန်မာအသိုင်းအဝန်းထဲ လာခဲ့ပါလား၊
သင်လည်းပညာတိုးတာပေါ့။
ကျွန်တော်တို့လည်းရယ်စရာတိုးတာပေါ့။          ။

xanthos