Tuesday, July 5, 2011

မြန်မာယဉ်ကျေးမှု ရှေးရိုးထုံးစံအစဉ်အလာများနှင့်စပ်လျဉ်း၍

မြန်မာယဉ်ကျေးမှု ရှေးရိုးထုံးစံအစဉ်အလာများနှင့်စပ်လျဉ်း၍

အခုတလော မန်းလေသားတွေရဲ့ တော်ကီမှာ အတော်လေးပိနေပါတယ်။ မန်းလေးမှာ ၀စ္စနှစ်လုံးပေါက် ကျန်ခဲ့တယ်မထင်နဲ့။ တစ်ချို့ကမန်းလေးသား။ တစ်ချို့က မန်းလေသားမှ မန်လေသားစစ်စစ်။ ဒီလိုပြောလို့ ရန်ကုန်သားဖြစ်ရတာကို ကျွန်တော်အားမငယ်ပါဘူး။ အဟဲဟဲ။ ခင်ဗျားတို့ မန်းလေးမှာ ကြီးပြင်းခဲ့တာကိုလည်း ကြံဖန်ဂုဏ်ယူရင် ယူလို့ရသလို (ဥပမာ၊ ကျုံးရေသောက်ရတာဖြစ်ဖြစ်၊ နေပြည်တော်နား နေရတာဖြစ်ဖြစ်၊ မြို့ကလေး လေးထောင့်ပုံရှိတာကိုဖြစ်ဖြစ်၊ ခဏခဏမီးလောင်းတာဖြစ်ဖြစ်၊ တရုတ်သူဌေးတွေပေါတာဖြစ်ဖြစ်၊ မြန်မာစာအရေးအသား ပြေပြစ်တာကိုဖြစ်ဖြစ်၊ ယဉ်ကျေးမှု မြတ်နိုးတာကိုဖြစ်ဖြစ်၊ ရွှေဆိုင်ပေါတာကိုဖြစ်ဖြစ်၊ စစ်ကိုင်းတောင်ရှိတာကိုဖြစ်ဖြစ်၊ မဟာမြတ်မုနိ တည်ရှိနေတာကိုဖြစ်ဖြစ်၊ မေမြို့လို လှပတဲ့မြို့လေးပိုင်ဆိုင်တဲ့တိုင်းဒေသကြီးရှိတာဖြစ်ဖြစ် ၊ ဘာသာ၊သာသနာထွန်းကားတာဖြစ်ဖြစ်၊ မြန်မာအစားအစာလတ်ဆတ်ပေါများတာဖြစ်ဖြစ်၊နေ့ပူညချမ်းတာဖြစ်ဖြစ်၊ စက်ဘီးပေါပြီး မီးပွိုင့်နည်းတာဖြစ်ဖြစ်၊ လမ်းစည်းကမ်းချို့တဲ့တာဖြစ်ဖြစ်)၊ ကျန်တဲ့မြို့သားတွေလဲ ကြံဖန်ဂုဏ်ယူမယ်ဆိုရင် ဂုဏ်ယူစရာအများကြီးရှိတယ်။

ဇာတိပုည ဂုဏ်မာန ဆိုတာလည်း အရင်တုန်းကတော့ အတော်လေးကို အင်အားကောင်းခဲ့တဲ့ စကားလုံးပါပဲ။ ဘာလို့လဲဆိုတော့ ခေတ်အခါအရသုံးကြတာဆိုတော့ လိုအပ်တဲ့ခေတ်မှာသုံးကြလေသတည်းပေါ့။ မြန်မာပြည်ကြီးကို မန်းလေးသားတွေ ဘယ်လောက်ချစ်လဲတော့မသိဘူး။ သူတို့မြို့ကိုတော့ သူတို့အတော်လေးချစ်တယ်။ ကိုယ့်မြို့ကိုယ်ချစ်တာ အကြောင်းမဟုတ်ပေမယ့် မန်းလေးကလွဲရင် ကျန်တဲ့မြို့သားတွေခမျာ မြန်မာစာလည်းမတတ်၊ အသိပညာကလည်းနုံနဲ့၊ မြန်မာ့ယဉ်ကျေးမှုကိုလည်း မကျေညက်သယောင်တွေပြောတဲ့ မန်းလေးသားတချို့ကိုတော့ အထူးတလည် အံသြမိတယ်။


ဘယ်သူက စပြီးမြှောက်ပေးလိုက်တယ်မသိပါဘူး။ ဒါပေမယ့် မောင်သာနိုးတို့ အုပ်စုကလည်း တစ်ခါပြောတယ်။ မြန်မာစာ ပါမောက္ခတွေက မြန်မာစာကောင်းကောင်းမတတ်ဘူးတဲ့။ ဘာလို့လဲဆိုတော့ မန်းလေးနဲ့ အနည်းငယ်ဝေးတဲ့ဒေသကမို့လို့ဆိုပဲ။ သူတို့ဆိုလိုတာက မြန်မာစာပေတွေမှာ အညာအငွေ့အသက်တွေကို အညာသားမဟုတ်တဲ့ အကြေသားတွေ HEART ထိဖို့မလွယ်ဘူးပေါ့လေ။


ဟိုတလောက မန်းလေးသားတစ်ယောက်ရေးတာဖတ်လိုက်ရတယ်။ သခင်ကိုယ်တော်မှိုင်းတောင် မန်းလေးနဲ့ နည်းနည်းလေးနီးသွားလို့တော်လာတာတဲ့။ ညတ်ချွာဖျား။ ကံသီပေလို့။


မြန်မာစာရေးထုံးမှာ အထူးသဖြင့် နှစ်မျိုးကွဲမယ်ထင်တယ်။ အကြမ်းဖျင်းပြောတာပါ။ တစ်ခုက ဘုရားစာကနေလာတယ်။ နောက်တစ်ခုက ဥိးဖေမောင်တင်တို့ရဲ့ အင်္ဂလိပ်သဒ္ဒါနည်းလမ်းတွေနဲ့ အတော်လေးဆင်တူတဲ့စနစ်တွေကနေဖြစ်လာတဲ့ သင်ရိုးမြန်မာစာတွေ။ အကြမ်းဖျင်းခွဲပြောချင်တာကလည်း အကြောင်းရှိပါတယ်။ မြန်မာစာအကောင်းဆုံးလို့ တော်တော်များများသတ်မှတ်ထားကြတဲ့ ရွှေဥဒေါင်းဟာ သူ့အရေးအသားကို အင်္ဂလိပ်စာအုပ်တွေက ကျစ်လျစ်မှုနဲ့တိကျမှုကိုယူထားတယ်လို့ပြောပါတယ်။ နောက်ထပ် မြန်မာစာအရေးအသား ကောင်းမွန် ပြေပြစ် အပြစ်ကင်းတယ်လို့ စံထားကြတာတော့ ရဟန်းတစ်ပါးဖြစ်ပါတယ်။ တောင်မြို့က ရှင်ဇနကာဘိဝံသ ဖြစ်ပါတယ်။ ဆရာတော်ကတော့ အရေးအသားကို ဘုရားစာတွေကနေ လေ့လာတယ်လို့ ဆိုပါတယ်။ ဆရာတော်ဟာ စာရေးရင် စာသွားစာလာပြေပြစ်အောင် ခဲတံလေးကို ခေါက်ခေါက်ပြီးရေးတယ်လို့လည်း မှတ်သားဖူးပါတယ်။ တကယ်တော့ မြန်မာစာကျကျနနရေးတယ်ဆိုတာမှာ လူနားလည်ဖို့က အဓိကမဟုတ်လားဆိုတာကို ပြန်ပြီးမေးစရာရှိပါတယ်။ ရွှေဥဒေါင်းဟာ သတင်းစာခေါင်းကြီးတွေရေးတော့ အင်္ဂလိပ်စကားလုံးခန့်ခန့်တွေကို တမင် ထည့်တာတွေကလည်း အဓိပ္ပာယ်လေးနက်မှုကို ယုတ်လျော့မသွားဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက စံသတ်မှတ်ထားတဲ့ မြန်မာအရေးအသားဆိုပြီး ပြောကြဆိုကြမယ်ဆိုရင်တော့ အဲဒါဟာ တစ်ဦးချင်းစီရဲ့ အကြိုက် (၀ါ) preference ဖြစ်တယ်လို့ပြောချင်ပါတယ်။


မြန်မာလူတော်တွေမှာ အားနည်းချက်တစ်ခုရှိတတ်ပါတယ်။ တော်တာနဲ့အမျှ မာနကြီးပြီး တယူသန်ကုန်တာပါပဲ။ ကမ္ဘာမှာ ကိုယ့်နံပါတ်က ဘယ်လောက်များရှိမလဲဆိုတာကို ပြန်တွေးပြီး မာနလေးလျှော့ပြီး လုပ်သင့်တာလုပ်၊ရေးသင့်တာရေးရင်တောင် ပိုပြီးအဆင့်မြင့်တဲ့စာတွေ ရေးနိုင်ဖို့ရှိပါတယ်။


မြို့စွဲတွေ ဒေသစွဲတွေနဲ့ ဘာမဟုတ်တာကို အဟုတ်လုပ်နေရင်တော့ ရယ်စရာပဲကောင်းပါတယ်။ ရန်ကုန်သားတွေခမျာ ကံကောင်းလို့ (ရှင်စောပုကယ်ပေလို့) ရွှေတိဂုံစေတီလေးကျန်လို့သာ ဖြေသာတယ်နော်။ ကံဆိုးပြီး ရွှေတိဂုံ စေတီကိုသာ မန်းလေးမှာတည်ခဲ့လိုက်ရင်တော့ ရန်ကုန်ကကောင်တွေဆိုတာ ရွှေတိဂုံဖူးချင်ရင် မန်းလေးကို ပြေးဖူးရတယ် ဘာညာဖြစ်လေဦးမှာ။ ပထမ မြန်မာပုံနှိပ်စာအုပ်ကို ရန်ကုန်မှာ ပထမဆုံးပုံနှိပ်တာက မန်းလေးမှာ နှိပ်လိုက်ရင် အခုလို ရန်ကုန်သားတွေ ကြံဖန်အပြောခံရတာသက်သာအောင်ဖြစ်မယ်။ ဂူတင်ဘတ်ရဲ့ မျိုးရိုးကို စုံစမ်းပြီး မန်းလေးနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ ရှာဖတ်ကြည့်ဦးမယ်။ ရာဇကုမာရ်ကျောက်စာကတော့ မန်းလေးသားတွေ ထွင်းခဲ့တာဖြစ်နိုင်သေးတယ်။ ဒေါက်တာသန်းထွန်းလည်း မန်းလေးမှာဆုံးသွားတယ်။ ဒါလည်းကြံဖန်ဂုဏ်ယူစရာ။ ဒါတောင် ဧရာဝတီတိုင်းမှာမွေးလို့ ဒီလောက်ပဲတော်တာ။ မန်းလေးမှာများမွေးကြည့် ဘယ်လောက်တော်မလဲဆိုတာ တွေးကြည့်ရုံနဲ့ ကြက်သီးဖျန်းဖျန်းထတယ်။ နတ်နွယ်ဆို မြစ်ကြီးနားမှာ မွေးတာ၊ တစ်ကယ်လို့သာ ဧရာဝတီမြစ်ကနေစုန်ဆင်းလာပြီး မန်းလေးမှာသာ စာပေလေ့လာလိုက်ရင် ဒီထက် ပေါက်ရောက်သွားနိုင်သေးတယ်။


ဆိုလိုတာက ဒေသတိုင်းမှာတော့ တော်သူတွေရှိမှာပါပဲ။ ဆွေမျိုးတွေစစ်ကြည့်ရင်လည်း နောက်ဆုံး လူဆိုးရောလူကောင်းပါ ပါမှာပါပဲ။ ဂုဏ်ရှိသူရော၊ ဂုဏ်မဲ့သူရော ပါမှာပဲ။ မိဘဆွေမျိုးအကြောင်းပြုပြီး မာနဖြစ်တယ်ဆိုရင်တော့ အငှားမာနကြီးဖြစ်ပြီး ပိုပြီး ရယ်ရွှန်းဖွယ်ပဲဖြစ်နေမှာပါပဲ။ မြတ်စွာဘုရားတောင် အဲဒီလို မျိုးရိုးမာနကို မကြိုက်လို့ သကျမင်းသားတွေကို အစေခံနောက်မှ ရဟန်းပေးဝတ်ပြီး မာနကို ချိုးနှိမ်တတ်ဖို့ စီမံတော်မူခဲ့ပါတယ်။ မျိုးရိုးဂုဏ်စောင့်တာကောင်းပါတယ်။ မျိုးရိုးဂုဏ်စောင့်ဖို့ တခြားသူတွေကို လိုက်ပြီး နှိမ်နေစရာတော့လည်း မလိုအပ်ပါဘူး။ အဲဒီလိုပါပဲ၊ ဒေသကိုချစ်တာက ကောင်းပါတယ်။ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်ပြုခါနီးမှာ မိမိရဲ့နေရပ်ဒေသကို နောက်ဆုံးကြည့်ခြင်းနဲ့ကြည့်ခဲ့သေးတယ် ဆိုတာကို ဖတ်လိုက်ရတာနဲ့ ဒေသချစ်စိတ်ကို ခံစားရပါတယ်။


အခုအချိန်မှာ ကမ္ဘာတစ်ခုလုံး ကြိုက်တဲ့နေရာရွှေ့ပြောင်းနေထိုင်နေတဲ့ခေတ် ရောက်နေပြီဖြစ်လို့၊ တစ်ယောက် နဲ့တစ်ယောက် လေးစားအသိအမှတ်ပြုတာကို ယဉ်ကျေးမှုလို့ သတ်မှတ်တဲ့ခေတ်မှာ ဒေသစွဲသိပ်ကြီးပြီး တစ်ခြားသူဒေသကလူတွေကို အထင်သေးတာကတော့ ။ တကယ့်လူတော်လူကောင်းဆိုတဲ့သူတွေဟာ တခြားသူတွေရဲ့ဂုဏ်သိက္ခာကို နင်းပြီးမြင့်မားပြရမှာ ရှက်တဲ့သူတွေပါပဲ။ ဒါဟာ သိပ်ကို ကလေးဆန်တယ်ဆိုတာ သိကြပါတယ်။ သိပ်ကို ကလီရှေးဖြစ်နေတဲ့ အဆိုအမိန့်လေးတစ်ခုပါ။ အမှတ်တရ ပြန်ရွတ်ပါရစေဦး။

If I devalue you, I devalue myself.


Regards,

ရန်ကုန်သား Xanthos

Notes: အချင်းချင်းအမျက်အအီတစ်စေ့မရှိ၊ ချစ်သောမျက်စေ့ဖြင့်ရှူကြရကုန်၏။

အခုတလော စိတ်ညစ်နေတာနဲ့ စာတွေလှိမ့်နေရးနေတာ ကြမ်းပြင်တောင်အတော်ပြောင်သွားပြီ။ မကြာမီ ရှည်ရှည်လျားလျားစာတွေတင်ဖို့ရှိပါတယ်။