Monday, December 26, 2011

ပြာတာ

ပြာတာ

fb ကိုရောက်တော့
ပထမဆုံး လုပ်မိတာက Log out ပဲ။
တစ်နေ့တာရဲ့ လေးပုံ ၃ ပုံကို computer ကို ကြည်ညိုနေရတာ
dignity ကျတယ်။
ထွက်ထွက်ထွက် ...
အခုထွက်လိုက်။

ကဗျာဖတ်ဖတ်၊
ဗီဒီယိုကြည့်ကြည့်
အက်ရှင်တွေသိပ်များနေတယ်။
အပြင်လောကမှာ
ပစ်မရတဲ့ကျည်ကို
ကဗျာ/ဗီဒိယို ထဲ အတွဲလိုက်ပစ်ခတ်နေပုံပဲ။

တောင်ကုန်းပေါ်က လှိမ့်ချလာတဲ့ကျောက်စရစ်လေးအကြောင်းပြောရင်
စစ်ဆီးဖတ်စ် မပါဘဲတွေးစမ်းပါ၊
အသက်နဲ့ပြောင်းပြန် နားလည်မှု၊
အိုနာသေပြနေပြီဖြစ်သော်လည်း ထုံထိုင်းဝေးမှုန်လွန်း၊
ပါဝင်ပတ်သက်လျှင်
အရူးအားပေးဖြစ်မည်စိုးသည်။

မနက်အိမ်ရာနိုးရင်
ဒုက္ခသုခကြိုဆိုပါ၏ ဦးညွှန့်ဆိုင်းဘုတ်ရေးဆိုသောသီချင်းကို
ဧလွင်သီဆိုခဲ့သည်ထင်သည်။
ထိုသဘောတရားကို
ယခုအချိန်အထိ ကြိုဆိုနေမိခဲ့ပါသည်။

တောင်တန်းများသည် မြင့်မောက်ခုံးထနေသော
ပင်လယ်ကြမ်းခင်းများလည်းဖြစ်ပါသည်။
မနေ့တစ်နေ့က နိမ့်ကျခဲ့သမျှ
တွန့်ခေါက်အောင်မြင်ကြည့်ခြင်းမှာ
လူ့သဘာဝဖြစ်ပါသည်။

အသွားအပြန်မရှိသောလမ်းကို
တစ်လမ်းမောင်းဟုလည်းကောင်း
သေခြင်းတရားဟွန်းသံကင်းမဲ့ဇုန်ဟုလည်းကောင်း
ခေါ်ဆိုကြသော်လည်း
ထိုအရပ်တွင် စက်တပ်ယာဉ်တစ်စုံတစ်ရာမရှိပါ။

ကျွန်တော်ဖျားနာနေပါသည်။
ကဗျာများသည် မာသော အိပ်ရာဖြစ်ပါသည်။
တရားခွေများပိတ်လိုက်လျှင်
ဇိမ်ကျကျသေနိုင်မည်ထင်ပါသည်။

ကျေးဇူးပြု၍ တိတ်ဆိတ်ခြင်းဖြင့် ကျေးဇူးပြုပါ။

Xanthos