Thursday, October 22, 2009

Zephyr Vs Xanthos

Zephyr Vs Xanthos

ဘေးဘီကိုကြည့်တဲ့အခါ
မီးစင်ကြည့်ကသူတွေရဲ့ ယိမ်းအကကိုတွေ့ရတယ် ...၊
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူမဟုတ်မှန်း ခပ်စောစောသဘောပေါက်ခဲ့ပေမယ့်
အခုကျွန်တော်က ရပ်ပြစ်ရှစ်ပါးမှာ သီတင်းသုံးနေတယ်ဆိုတော့ ...အဲဒီလိုပေါ့နော် ... ။
အင်မတန်ကြီးမားတုတ်ခိုင်သောနွားရိုင်းကြီးတစ်ကောင် ကွင်းထဲတွင်ဒေါသပေါက်ကွဲနေတယ် ...
မင်နိုလီတေးက နွားရိုင်းကို မှေးစင်းကြည့်ပြီးပြုံးလိုက်တယ် ....။

ကြည့်သာကြည့်စေ ..မမြင်စေနဲ့
ခါးနေတဲ့စိတ် ..
တရွေ့ရွေ့နင်းဖြတ် ..
မုတ်သုံအခိုက်အတန့် ..
သေရန်သေနှုန်းအသင့်အတင့် ..
သမာဓိထူထောင်ရန်အလို့ငှာ ..သြဒါသစက်ဝိုင်းကို မှေးစင်းစူးစိုက်နေတယ် ....။

ကျွန်တော့်အမြင်တွေ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီစောင်းခဲ့တာ ကမ္ဘာကြီးကြောင့်ပဲ ...
အဲဒီလိုထွက်ချက်ကြောင့် အယူခံကို ခဏလောက်ရပ်ဆိုင်းလိုက်တယ် ....။
ဒီကိစ္စမှာ ကျွန်တော်ဟာ အမှန်တရားကို အမှားတစ်ရံနဲ့ တိုက်ရိုက်လဲရန် အဆိုတင်သွင်းသူမျှသာမဟုတ်တော့ဘဲ သက်သေများကိုသာ အမိန့်ချဝိဘတ် မူပိုင်ခွင့်လျှောက်ထားပေးခဲ့သည်။(ထို့ကြောင့် ... တရားသူကြီးသည် အမိန့်ချဝိဘတ်အစား ဆန္ဒညွှန်ဝိဘတ်ကို သုံးစွဲရသည် ...။)
နွားရိုင်းဟာ မင်နိုလီတေးဆီကိုပြေးဝင်လာခဲ့ပြီ ....။


အာရုံတစ်ခုတည်းမှာစုစည်းနေတယ်။
စိတ်အပ်ဖျားတစ်ထောက်စာနေရာလေး ..
အကျအဆုံးများတယ်။
ဒိုင်ပွဲရပ်တယ်။
ကျောသပ်တယ်။
နဖားကြိုးထိုးတယ်။
ထိန်းထားလို့ငြိမ်တယ်။
ငြိမ်သက်ခြင်းအင်နားရှားက peak ကိုသွားတယ်။
အကြည့်တွေဖြူတယ်။
စိတ်တွေဖြူတယ်။
အားလုံးဖြူတယ်။
ကသိုဏ်းအ၀န်းအ၀ိုင်း ပါရာဒိုင်းရွေ့တယ်။
လူတွေဖြူတယ်။
လောက၀တ်ဖြူတယ်။
ကောင်းကင်ဖြူတယ်။
အကုသိုလ်ဖြူတယ်။
ကုသိုလ်ဖြူတယ်။

ပွဲကြည့်ပရိတ်သတ်များ မင်နိုလီတေး၏ နာမည်ကျော်ပွဲသိမ်းတိုက်ကွက်ကိုစောင့်မျှော်နေကြသည် ...။
နွားရိုင်း၏ ဦးချိုများကြားမှ ပွတ်ကာသီကားလေးပျံတက်ပြီး အဆုံးသတ်ထိုးစိုက်လိုက်တဲ့ ကြောက်မက်ဖွယ် အင်အားကိုမျှော်နေကြသည် ....
အလင်းသည်ပင် ဖျော့ကျသွားရမည်ကိုမေ့လျော့စွာငေးကြည့်နေမိသည်....
အရှိန်ဖြင့်ပြေးလာသော နွားရိုင်း ..
အသင့်အနေအထားနဲ့ ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော မင်နိုလီတေး ....
ရုတ်တရတ် ငြိမ်သက်သွားကြသည် ...
လက်ခုပ်သြဘာသံများအတွက် အသင့်ပြင်ဆင်ရင်း ...
မျက်တောင်မခတ် ငြိမ်သက်နေကြသည် ..။

သစ်ပင်ဆန်တဲ့အကြည့် ၊
ဒါနဲ့ပဲ ညို့မှိုင်းလိုက်ရတယ် ..
မတန်ပါဘူး ..
ခြောက်ကပ်ကပ်ရယ်သံ ..
ခြောက်ကပ်ကပ် ငိုသံ ...
ဂဏန်းတွေပြေးဖို့ သဲသောင်ထွန်းခဲ့တာပါ ...
အဖြူတွေကြားမှာ
လမ်းပျောက်နေတဲ့သူ၊
ဘယ်မှမရောက်ချင်တဲ့သူ လမ်းပျောက်တော့ ဘာဖြစ်သေးလဲ။
တဒေါက်ဒေါက်တံခါးခေါက်သံအဆုံးမှာ
တိတ်ဆိတ်ခြင်းက ပဲ့တင်ပြန်လာတယ်။

အားလုံးမျှော်လင့်ထားသည့်အတိုင်း ..
ဇာတ်ပေါင်းသော် မင်နိုလီတေး နွားရိုင်းခတ်၍ သေခဲ့သည် ....

အစမရှိခဲ့တဲ့အတွက်
အဆုံးမသတ်နိုင်ခဲ့ဘူး။
ဘာတာစနစ်ပါ
အောင်ပွဲကို သွေးနဲ့လဲခဲ့တယ်။ ။

Xanthos
(Used some stanzas from Zephyr's poem)